ဖေဖော်ဝါရီ ၁၃ ရက်...
စာရေးသူတို့တစ်မျိုးသားလုံး အလေးအမြတ်ထားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည့်နေ့။ စာရေးသူတို့ နိုင်ငံအတွက် မည်သို့မျှ အစားထိုးမရနိုင်သည့် သားကောင်းရတနာတစ်ဦး ပေါ်ထွန်းလာခဲ့သည့်နေ့ဖြစ်ပါသည်။ အင်မတန်ကျက်သရေမင်္ဂလာရှိသောနေ့၊ စာရေးသူတို့အားလုံး၏ ရင်ထဲတွင် ထာဝစဉ်စွဲမြဲမှတ်တည်ကာ တန်ဖိုးထားရမည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
“ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ...” အစချီ ကဗျာဆရာကြီး“တင်မိုး”၏ ကဗျာလေးဖြင့် မူလတန်းအရွယ် ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းဖြင့် စတင်ရင်းနှီးစေခဲ့ကြသည်။ ဗိုလ်ချုပ်အားမြတ်နိုးသည့် စိတ်ပြင်းထန်ပြီး၊ ယုံကြည်မှုအပြည့်ရှိသော နေအိမ်အနည်းငယ်တွင်မူ ခေတ်ကာလအခြေအနေမည်သို့ပင်ရှိခဲ့စေကာမူ ဗိုလ်ချုပ်၏ ဓာတ်ပုံအား အိမ်ဦးခန်းတွင် အမြဲတမ်းချိတ်ဆွဲထားခဲ့ကြပါသည်။ ထိုအိမ်မျိုးတွင်ကြီးပြင်းခဲ့ရသည့် လူငယ်များ၏ ရင်ထဲတွင် ဗိုလ်ချုပ်သည်ကိန်းဝပ်နေမည်ဟု ယုံကြည်ရပါသည်။ ယနေ့လူငယ်အများစု ဗိုလ်ချုပ်အားမေ့လျော့၊ မသိခဲ့ကြခြင်းမှာ လူငယ်များတွင် အပြစ်မရှိဘဲ စာရေးသူတို့ လူကြီးမိဘ၊ ဆရာသမားများတွင်သာ တာဝန်ရှိသည်ကို ၀န်ခံကြရပါမည်။ မိမိတို့၏ အိမ်အသုံးစရိတ်ထဲမှ ငွေကျပ်သုံးထောင်မျှဖြင့် ဗိုလ်ချုပ်အကြောင်း စာတစ်အုပ်၊ ဓာတ်ပုံတစ်ပုံဝယ်ယူ စုဆောင်းပြီး အိမ်တွင်ထားရှိပေးခြင်းဖြင့် မျိုးဆက်သစ်အားလုံးအတွက် ကောင်းကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ပါသည်။
လူမျိုးကိုချစ်သည်။ နိုင်ငံကိုတိုးတက်စေချင်သည်။ လွတ်လပ်ပျော်ရွှင်၊ အေးချမ်းခေတ်မီပြီး စည်းကမ်းရှိသော၊ ရိုးသားသော နိုင်ငံသူ နိုင်ငံသားများကိုသာ မြင်တွေ့ချင်သည်။ လူငယ်များကို လူကောင်းလူတော်များဖြစ်စေချင်သည်ဆိုသော သူတိုင်းသည် ဗိုလ်ချုပ်အား စံနမူနာပြုကြရပါမည်။ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်နှင့် အချိန်တိုအတွင်း ကြီးမားသောစွမ်းဆောင်ပေးနိုင်ခဲ့မှုများကို လူငယ်များ၏ ရင်ထဲတွင် ငယ်ရွယ်စဉ်မှစ၍ သံမှိုစွဲသကဲ့သို့ သိရှိနား လည်ထားရန်လိုပါသည်။ ဗိုလ်ချုပ်၏ ပြောဆို၊ နေထိုင်၊ ပြုမူ၊ ၀တ်စားပုံများကအစ လူငယ်များအတွက်
ပေါ်လွင်မြင်သာအောင် မိသားစုအလိုက် လူကြီးမိဘများက စီမံပေးကြရပါမည်။ စာရေးသူ၏ သမီးလေးအား နှစ်နှစ်ခွဲအရွယ်မှစ၍ လေ့ကျင့်ပြသထားရာ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ဓာတ်ပုံများ ကို မည်သည့်နေရာ၊ မည်သည့် စာအုပ်ထဲမှာ တွေ့တွေ့ “ဗိုလ်ချုပ်အောင်ဆန်း”ဟု ပြောပြတတ်ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကလေးလူငယ်များနှင့် အနီးကပ်နေသူတိုင်းက လေ့ကျင့်ပေးမည်ဆိုလျှင် ဘာမဆိုဖြစ်နိုင်သည်ဟု ယုံကြည်ရပါသည်။
လက်ရှိ အစိုးရသစ်လက် ထက်တွင်ဗိုလ်ချုပ်နှင့်ဆက်စပ်သမျှ ဓာတ်ပုံများ၊ အကြောင်းအရာများမှာငုပ်လျှိုးပုန်းကွယ်ခဲ့ရသည့် အချိန်ကြာမြင့်ခဲ့မှုကြောင့်လားမသိ ပလူပျံ
အောင်ပင် ပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။ ဗိုလ်ချုပ်ကို အကြောင်းပြု၍ ပုံစံအမျိုးမျိုးဖြင့်နေရာအနှံ့ ရောက်ရှိအောင် ဖြန့်ဝေကြပါသည်။ ဗိုလ်ချုပ်၏ ဓာတ်ပုံများကို
ဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ်တွင် ခမ်းခမ်းနားနားတင်၍ ရောင်းချသည်လည်းရှိပါသည်။ အများအားဖြင့် ဘုရားပွဲ၊ ဇာတ်ပွဲ၊ အလှူမင်္ဂလာပွဲများတွင် ဗိုလ်ချုပ်၏ဗီ
နိုင်းဓာတ်ပုံများ၊ ပလတ်စတစ်လောင်းထားသော ဓာတ်ပုံများကိုမြေကြီးပေါ်တွင် ဖျာနှယ်ခင်း၍တစ်မျိုး၊ သစ်ပင်များကို ကြိုးတန်းကာသီချိတ်လျက်တစ်ဖုံရောင်းချ နေကြပါသည်။ တစ်ဖက်ကကြည့်လျှင်ကောင်းသည်ဟုဆိုနိုင်သော်လည်း အခြားတစ်ဖက်ကကြည့်လျှင် တန်ဖိုးကျသည်ဟု အောက်မေ့ရပါသည်။
ဗိုလ်ချုပ်၏ စတစ်ကာ ဓာတ်ပုံများလည်းဖောဖောသီသီထွက်ရှိလာရာ နေရာအနှံ့တွင် ကပ်ထားကြသည်ကို တွေ့ရပါသည်။ ဗိုလ်ချုပ်၏ဓာတ်ပုံများသည် အား လုံး၏ရှေ့မှောက်၊ အားလုံး၏ ၀န်းကျင်အနီးအနားတွင် ရောက်ရှိနေ ပြီဖြစ်ပါသည်။ ယနေ့ခေတ်လူငယ်များအားလုံး ဗိုလ်ချုပ်ကို ကောင်းစွာမြင်ဖူးသွားကြပြီဖြစ်သည်။ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထားသော အကျီများကိုလည်း အလွယ်တကူ ၀ယ်ယူဝတ်ဆင်နိုင်ကြပြီဖြစ်သည်။ လူငယ်များသွားလေရာတွင် ဗိုလ်ချုပ်သည် အသွင် သဏာန်တစ်မျိုးမျိုးဖြင့် လိုက်ပါလျက်ရှိနေပါပြီ။ ထိုလူငယ်များ၏ခံယူချက်တွင် ဗိုလ်ချုပ်သည်မည်မျှ အတိုင်းအတာအထပါဝင် သက်ရောက်နေသည်ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ဗိုလ်ချုပ်ဓာတ်ပုံစတစ်ကာကို တက္ကသိုလ်ကျောင်းသားလူ ငယ်အချို့က ဆိုင်ကယ်ရှေ့ပိုင်း နေရာများ၊ ကားရှေ့ပိုင်းနေရာများ တွင် ကပ်ထားကြသည်။ ထိုဆိုင် ကယ်ကို စီးလျက် ထိုတက္ကသိုလ် ကျောင်းသားများသည် ဘီယာ ဆိုင်ရောက်သည်။ အရက်ဆိုင် ရောက်သည်။ မကောင်းသည့်နေ ရာများသို့ရောက်သည်။ တစ်ခါ တစ်ရံ ထိုဆိုင်ကယ်ဖြင့်ပင် တက္က သိုလ်ကျောင်းများအနီး လူစည် ကားရာ နေရာများတွင် ဆိုင်ကယ် ကို စည်းကမ်းမဲ့စီးသည်။ ရှေ့ဘီး ထောင်စီးသည်။ ကားများကို လည်း မြင်သူအလန့်တကြား ငေး ကြည့်ဖြစ်အောင် ပြိုင်ကားသဖွယ် မောင်းနှင်ကြသည်။ ထိုဆိုင်ကယ် ထိုကားအပေါ်မှာ ဗိုလ်ချုပ်၏ ဓာတ်ပုံမှာ ခံ့တည်လျက်ပင်။ ဗိုလ်
ချုပ်ဓာတ်ပုံပါ အကျဝတ်ထား သော လူငယ်က ကျောင်းမတက် ဘဲ ဘိလိယက်ခုံတွင် အချိန်ဖြုန်း နေသည်။ ဗိုလ်ချုပ်ဓာတ်ပုံပါသော့ ချိတ်ကိုင်ထားသူ လူငယ်က သော့ ချိတ်ကို ပစ်မြှောက်ကစားရင်း လမ်းဘေး၌ ကွမ်းထွေးသည်။ သူ တို့အနီးတွင် ဗိုလ်ချုပ်ရှိနေသော်လည်း သူတို့သည် ဗိုလ်ချုပ်အား အမှန်တကယ်မသိသူများဟုသာ မှတ်ယူရပါမည်။
ဖေဖော်ဝါရီ ၁၄ ရက်။ ချစ်သူများနေ့။ ထိုနေ့သည်ကား စာရေးသူတို့နိုင်ငံရှိ လူငယ်များအတွက် အပျော်ဆုံးနေ့ထူး နေ့မြတ်ဟု ထင်မှတ်ရပါသည်။ ကျောင်းသား၊ ကျောင်းသူနှင့် လူငယ်အား လုံးနီးပါးမှာ ထိုနေ့အတွက် အချိန်တစ်လမျှကြို၍ ပြင်ဆင်တတ်ကြ သည်။ ထိုနေ့အတွက် အသုံးစရိတ်ကိုလည်း ကြိုတင်စုဆောင်းထား တတ်ကြသည်။ မြို့ရွာအသီးသီး ရှိ စတိုးဆိုင်များနှင့် အလှပြင်ဆိုင်များ၊ ဓာတ်ပုံဆိုင်များတွင်လည်း ထိုနေ့အတွက် အထူးတလည် ၀န်ဆောင်မှုပေးကာ အခမ်းအနားများ ကျင်းပပေးကြသည်။ ထိုနေ့ အတွက် အမှတ်တရ ပစ္စည်းများကိုလည်း မည်မျှပင်တန်ဖိုးကြီးပါစေ။ ၀ယ်ယူအသုံးပြုကြသည်။ ထိုနေ့တစ်ရက်တည်းအတွက် လူငယ်များ၏ အသုံးစရိတ်များကို စုပေါင်းလိုက်လျှင် ကျေးရွာတစ်ရွာအတွက်လိုအပ်သော နှစ်ထပ်စာသင်ဆောင်ကောင်းကောင်း တစ်ဆောင်ဆောက်လုပ်ပေးနိုင်လောက်ပါသည်။
စာရေးသူ၏ မိတ်ဆွေ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ပြောပြချက်အရ ထိုဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောင်းတော်တော်များများ၏ အတန်းအသီးသီးတွင် ကျောင်းလာတက်သည့် ကျောင်းသူ၊ ကျောင်းသားမှာ မူလအရေအတွက်၏ သုံးပုံတစ်ပုံမျှပင် မရှိဟု သိရပါသည်။ ထိုနေ့တွင် ကျူရှင်များ၊ ပုဂ္ဂလိကသင်တန်းများ ကို ပိတ်ပေးရသည်ဟု ဆိုပါသည်။ ထိုနေ့တွင် လူငယ်စုံတွဲများမှာ အ ပျော်ကြူးကြသည်။ မိဝေး ဖဝေးတက္ကသိုလ်တက်နေသည့် လူငယ်များမှာ အပြည့်အ၀လွတ်လပ်ကြသည်။ ထိုနေ့ထိုရက်တွင် အမှတ်တရအဖြစ် အဖြေပေးကြသည်။ ခန္ဓာကိုယ်ပေးကြသည်။ တည်းခိုခန်းများတွင် အချိန်ဖြုန်းကြသည်။ စားသောက်ဆိုင်များ၊ အပန်းဖြေနေရာများ၊ ရှုခင်းသာများ၊ ဘုရားကျောင်းကန်များသို့ သွားရောက်ကာ ထိုနေ့အတွက် အမှတ်တရများစွာ ပြုလုပ်ကြသည်။ ရက်ရက်ရောရော သုံးစွဲကြသည်။ ထိုရက် ကလေးကုန်ဆုံးသွားမှာကိုပင် နှမြောတသဖြစ်ကြသည်။ ထိုရက်ညအချိန်တွင် အဆောင်လည်း ပြန်မအိပ်၊ တည်းခိုခန်းလည်း မသွားဘဲလမ်းဘေး ညအမှောင်တွင် အချိန်ကုန်ခံဝံ့သည့် လူငယ်စုံတွဲကျောင်းသား၊ ကျောင်းသူများအား အံ့ဖွယ်တွေ့ရတတ်ပါသည်။
စာရေးသူတို့နိုင်ငံနှင့် တစ်မျိုးသားလုံးအတွက် ဖေဖော်ဝါရီ ၁၃ ရက်မှာ အနှိုင်းမဲ့တန်ဖိုးကြီးမားလှသော ရက်များထဲမှ တစ်ရက်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှာမူ နိုင်ငံတကာကို အတုခိုး၍ လူငယ်များ အလေးထားသော ရက်တစ်ရက်ဖြစ်ပါသည်။ မြို့ရွာတော်တော်များများရှိ လူငယ်များ အကြားတွင် ယနေ့လက်ရှိ တွေ့နေရသည်မှာ ဖေဖော်ဝါရီ ၁၃ ရက်အတွက်အထူးအမြတ် အခမ်းအနားလုပ်ဆောင်မှုမတွေ့ရသလောက်နည်းပါးပြီး ခြောက်ကပ်ကပ်နိုင်လှပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင်မူ လူငယ်အပေါင်းရွှင်လန်းတက်ကြွစွာဖြင့် ၀တ်ကောင်းစားလှများ ၀တ်ဆင်ကြပြီး တခုတ်တရပြုလုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါရွေ့လျောနေမည်ဖြစ်ရာ လူငယ်များအကြားတွင် အမှန်တကယ်တန်ဖိုးထားအပ်သည်ကို သိရှိနားလည်လက်ခံနိုင်ရန် အရေးကြီးပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် အပြတ်ကဲကြသော၊ အမှောင်ရိပ်ခိုကြသော၊ တည်းခိုခန်းသွားကြသော လူငယ်များ၏ ဆိုင်ကယ်များ၊ ကားများတွင် ဗိုလ်ချုပ်၏ပုံများပါမသွားပါစေနဲ့ဟု သာ ဆုတောင်းလိုက်ပါသည်။


