ကန်တော်ကြီး ရေချိုငါးဥယျာဉ်တွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များအား ၀င်ကြေးအခမဲ့ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသပေးနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစိုင်းကျော်မြင့်က ပြောသည်။
“ကလေးတွေကို လေးဆယ့်နှစ်လက်မအယ်စီဒီတီဗီနဲ့ ငါးနဲ့ ပတ်သက်တဲ့ ပညာပေးစီဒီခွေတွေပြပေးပါမယ်”ဟု ၄င်းကပြောသည်။ ယင်းအစီအစဉ်ကို ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်နေခြင်းဖြစ်ပြီး အစိုးရနှင့် အင်တာနေရှင် နယ်ကျောင်းများမှ ကလေးငယ်များ အဖွဲ့လိုက်လာရောက်လေ့လာခြင်းများရှိကြောင်း ရေချိုငါးဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
လူကြီးများအတွက်လည်း အပျော်တမ်းငါးမျှားခွင့် ပြုထားပြီး ရရှိလာသောငါးကို တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူခြင်းနှင့် ဈေးဆိုင်များတွင်ကင်၍ လည်း လတ်ဆတ်စွာစားနိုင်ကြောင်း ၄င်းကပြောသည်။ဥယျာဉ်အတွင်းရှိ လိုဏ်ဂူအတွင်းတွင် တိရစ္ဆာန်တို့၏ သဘာဝအသံများကို ထုတ်လွှင့်ပေးခြင်း(sound effect) များတပ်ဆင် ကာ စိတ်ကြည်နူးဖွယ် ဖန်တီးပေးထားကြောင်း ၄င်းကပြောသည်။
“ငါးသားဖောက်နည်းပညာနဲ့ မွေးမြူထိန်းသိမ်းခြင်း နည်းပညာများအကြောင်း စာတမ်းဖတ်ပွဲတွေလည်း ကျင်းပပေးဦးမှာပါ”ဟု ဦးစိုင်းကျော်မြင့်က ပြောသည်။ ကန်တော်ကြီး ရေချိုငါး ဥယျာဉ်ဝင်ကြေးမှာ ယခင်က လူကြီးတစ်ဦးလျှင် ၃၀၀ ကျပ်မှ ယခုအခါ ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံပြီး ယခင်က ကလေးငယ်တစ်ဦးလျှင် ၁၀၀ ကျပ်ကောက်ခံနေရာမှ ယခုအခါ ၀င်ကြေးအခမဲ့ဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။


