May 20, 2012

ရေထွက်ကုန်တင်ပို့ခွန်ရရှိမှု ခုနစ်ဆခန့်လျော့ကျ

Photo
ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၄

ယခုဘဏ္ဍာနှစ်အတွင်း ရေထွက်ကုန်ပြည်ပတင်ပို့မှုမှ စည်းကြပ်အခွန်ငွေရရှိမှုမှာ ယခင်နှစ်များကထက် ခုနစ်ဆလျော့ကျပြီး ကန်ဒေါ်လာဆယ်သန်းသာရရှိသေးကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ဖေဖော်ဝါရီ ၁၄ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြောကြားခဲ့သည်။

“ခါတိုင်းအခွန် သန်း ၇၀ ရတယ်၊ အခု ဆယ်သန်းပဲရတယ်”ဟု ၎င်းကပြောသည်။ ပြည်ပတင်ပို့ရာမှ ရရှိသော ၀င်ငွေမှအခွန်ကောက်ခံငွေကို တဖြည်းဖြည်း လျှော့ချ ပေးခဲ့သောကြောင့် ၀န်ကြီးဌာနအတွက် ၀င်ငွေလျော့ကျခဲ့ရကြောင်း ဒုတိယ၀န်ကြီးကပြောသည်။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၁၁ ဖြင့် ပြည်ပပို့ကုန် ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံသည့် ကုန်သွယ်လုပ် ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေငန်ထွက်ရေထွက်ပစ္စည်းများနှင့် တိရစာန် ထွက်ပစ္စည်းများ (ကန့်သတ်ကုန် ပစ္စည်းများမှအပ)တို့ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်အထိ ၆ လ အကျိုးသက်ရောက်ခွင့်ရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ပတင်ပို့သူလုပ်ငန်းရှင်များသည် ၀င်ငွေခွန် နှစ်ရာနှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်သည်။ ထို့အပြင် အခွန်ငွေလျှော့ချမှုကို ဆက်လက်တိုးမြှင့်ပေးရန် စီစဉ်နေ ကြောင်းသတင်းရရှိသည်။