ဝယ်ယူသူများ အကြိုက်ဖြစ်နေသောကြောင့် ရွှေဈေးကွက်တွင်ဝယ်လိုအားများ မြင်တက်လျက်ရှိကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
“ရွှေဈေးက ကမ္ဘာ့ရွှေဈေးကျလို့ လိုက်ကျနေတယ်။ ၀ယ်သူကြိုက်ဈေးဖြစ်နေတဲ့အတွက် ၀ယ်လိုအားက အထည်ဈေးကွက်ရော အပိုင်းဈေးကွက်ရောမှာ တက်လာတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ရွှေဝယ်လိုအားမှာ ယခုလဆန်းပိုင်းမှစ၍ ထက်ဝက်နီးပါးမြင့်တက်ရခြင်းမှာ လက်ရှိဈေးမှာ အနိမ့်ဈေးဖြစ်နေ သောကြောင့် တက်ဈေးကိုမျှော်ကာ ၀ယ်ယူသူများနေသည့် ဈေးကွက်ဖြစ်နေသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည် လကုန်ပိုင်းတွင် တစ် အောင်စလျှင် ၁၆၅၀ ဒေါ်လာဝန်းကျင်ဈေးရှိနေရမှ ယခုရက်ပိုင်း၌ ၁၆၂၀ ဒေါ်လာထိ ကျဆင်းနေကြောင်းသိရသည်။ ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၁၈၀၀၀ ကျပ်ထိ စတင်ကျဆင်းနေပြီဖြစ်သည်။ ၁၅ပဲရည်ဈေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ၆၇၈၀၀၀ ကျပ်ထိ ကျဆင်းနေပြီဖြစ်သည်။
ကမ္ဘာ့ရွှေဈေးကြောင့် ကျဆင်းနေသော ပြည်တွင်းရွှေဈေးကွက်မှာ လတ်တလောတွင် ဈေးနှုန်းအတက်အကျခန့်မှန်းရခက်နေကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦး ကပြောသည်။ သို့သော် ရွှေဈေး ကျဆင်းနေသည်တိုင် လတ်တလောတွင် ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၇၀၀၀၀၀ ကျပ်အောက်သို့ ကျဆင်းနိုင်ခြင်း မရှိသေးကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးကခန့်မှန်းပြောကြားသည်။


