May 20, 2012

လောကကောင်းကျိုး ဆောင်ရွက်ခြင်း

Photo
7Day News Journal

မရေတွက်နိုင်အောင်များလှတဲ့ အတိတ်ဘ၀တွေမှာ မွေးခဲ့ကြ၊ သေခဲ့ ကြရတယ်ဆိုတာကို သိမြင်နားလည်ပြီးရင်တော့ ကျွန်ုပ်တို့ဟာ တဖြည်းဖြည်းလောကီစည်းစိမ်ချမ်းသာကို တပ်မက်တဲ့ လောဘတဏှာတွေ လျော့ပါးလာမှာဖြစ် တယ်။ အဲဒီအဆင့်ကိုရောက်ရင် ဘယ်နတ်ကမှ ကျွန်ုပ်တို့ကို အကူအညီမပေးနိုင်တော့ပါဘူး။ အဲဒီ အဆင့်ကိုရောက်ရင်ကိုယ့်အားကိုယ်ကိုး လုပ်ကြရတော့မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ဟာ လောကီစည်းစိမ်တွေကို
ခံစားရဖို့အတွက် ကြိုးပမ်းနေကြတာမဟုတ်တော့လို့ပဲဖြစ်တယ်။ လောကကြီးရဲ့ အမြဲ မရှိ၊ အပြေးအလွှားပြောင်းလဲဖြစ်ပျက်နေတဲ့ အနိစ္စတရားကြီး၊ အနိစ္စသဘာဝကြီးကိုသိနားလည်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့  လောကီစည်းစိမ် ချမ်းသာတွေအပေါ်မှာ တပ်မက်စွဲလမ်းစိတ်ကို လျော့နည်းပပြောက်အောင် အားထုတ်နေရတယ်။ ဒါကြောင့် သူဟာသူ့မှာ ရရှိထားတဲ့ လောကီစည်းစိမ်ချမ်းသာတွေကို ကံမကောင်းအကြောင်း မလှတဲ့ လူသားတွေကိုပါ ခွဲဝေသုံးစွဲနိုင်အောင် ပေးဝေစွန့်ကြဲတတ်တယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အများကောင်းစားရေး၊ အများသက်သာချောင်ချိရေးအတွက် မျှဝေခံစား အကျိုးပြုနိုင်ကြတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ ကိုယ့်ဘာသာကိုယ်အားထုတ်ခဲ့လို့ သဗညုတဉာဏ်တော်ကို  ရရှိပြီးတဲ့အခါ၊ သူရခဲ့တာ သူ့ကိုယ်ကျိုးတစ်ခုတည်းအတွက်သာ အသုံးမပြုဘဲ လောကတ္ထစရိယလောကကောင်း ကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် ၄၅ ၀ါပတ်လုံးလူတွေအတွက် သာမက နတ်တွေ၊ ဗြဟ္မာတွေ အကျိုးအတွက်ပါ အသုံးပြုဆောင်ရွက်တော်မူခဲ့တယ်။