ပြည်တွင်းထုတ်ကုန်လုပ်ငန်းများဈေးကွက်မယှဉ်ပြိုင်နိုင်ခြင်းမှာ အခွန်ကြောင့် မဟုတ်ကြောင်းကိုဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလှထွန်း က အမျိုးသားလွှတ်တော်တွင် ဇန်န၀ါရီလ ၃၀ ရက်က ပြောကြားခဲ့သည်။
ကုန်သွယ်ခွန်နှင့် ပတ်သက်၍၀န်ကြီးက လွှတ်တော်တွင် ထပ်မံရှင်းပြရာ၌ ကုန်သွယ်လုပ်ငန်းခွန်ကို တင်သွင်းလာသည့် တန်ဖိုးအပေါ် အခြေခံတွက်သည့်အတွက် ကုန်ကြမ်းနှင့် ကုန်ချောတန်ဖိုး မတူညီနိုင်ပါ။ ကုန်ကြမ်းတင် သွင်းပြီး ထုတ်ကုန်များဈေးကွက်တွင် မယှဉ်ပြိုင်နိုင်သည်မှာ အခွန်ကြောင့်မဟုတ်ကြောင်း ၀န်ကြီးကရှင်းပြသည်။
ထုတ်လုပ်မှုကုန်ကျစရိတ် ကိုနည်းပညာအသုံးချပြီး သက်သာအောင် ဆောင်ရွက်ခြင်း သွင်းကုန်ပစ္စည်းများနှင့် အရည်အသွေးယှဉ်နိုင်အောင်ထုတ်လုပ်ရန်လိုအပ်ကြောင်း ၀န်ကြီးကဆိုသည်။ထို့အပြင်ကုန်ကြမ်းတင်သွင်းမှုအတွက် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်ချောတင်သွင်းခြင်းမှ ကျသင့်သည့် အခွန်ထက်ပိုများနေသည့် ကုန်စည်များလည်းရှိကြောင်း သိရသည်။ယင်းကြောင့် နိုင်ငံတကာ အခွန်စနစ်များနည်းတူ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေနှင့်အညီ ကုန် သွယ်လုပ်ငန်းခွန်နှုန်းထားအသစ် များပြင်ဆင်ထားကြောင်းကိုလည်း သိရသည်။
“အခုအခြေအနေက ထုတ် ကုန်လုပ်ငန်းလုပ်ဖို့မြေ၀ယ်တာ မှာတင်ခက်နေတယ်”ဟု လှိုင်သာယာမြို့နယ်မှ ပလတ်စတစ်ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
စက်မှုဇုန်ရှိ မြေကွက်များ၏ မြေတစ်ဧကတန်ဖိုးသည်များစွာ မြင့်နေသည့်အတွက် စက်ရုံဆောက်ပြီး ကုန်ထုတ်လုပ်ငန်း များလုပ်ရန် ငွေကြေးအရင်းအနှီး များစွာလိုအပ်သည့် စက်မှုဇုန်မြေကွက်များသည်တစ်ဧကကျပ်သိန်း ၁၀၀၀ အနိမ့်ဆုံးရှိသည်။
“မြေတန်ဖိုးက ကိုယ့်လုပ် ငန်းအတွက် အရင်းအနှီးကပိုများ နေတယ်။ လုပ်ငန်းချဲ့ဖို့တောင် မလွယ်ဘူး”ဟု အထက်ပါ လုပ်ငန်းရှင်ကပြောသည်။
စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းများတင်သွင်းရာမှာလည်း လွယ်ကူမှုမရှိပေ။ ပြည်တွင်း၌ အဓိကအားထားရမည့် အသေးစား(SME) နှင့် အလတ်စား (SMI) များရှင်သန်မှုအတွက်ဘဏ်ချေးငွေမှာလည်း အခက်ခဲများရှိနေသည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၉၀ ကျော်ရှိသည်။ တိုင်းပြည်တစ်ခု၏ စီးပွားရေးဖွံ့ ဖြိုးမှုတွင် SME များ၏ ရှင်သန်မှုသည် များစွာအရေးပါသည်။ ၁၉၈၀ ခုနှစ်များ က ဗီယက်နမ်နိုင်ငံသည်
တံခါးဖွင့် စီးပွားရေးကိုစတင်ခဲ့ပြီး SME လုပ်ငန်းများကို တစ်ရှိန်ထိုးအားပေးခဲ့သဖြင့် အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံတစ်ခုဖြစ်လာသည်။
ထုတ်ကုန်များအဓိကလုပ်ကိုင်သည့် စက်မှုဇုန်များတွင် လျှပ်စစ်အခက်အခဲ၊ ရေအခက်အ ခဲ၊ ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲများရှိနေသည်။ လျှပ်စစ်မီးမှန်
သော်လည်း မီးအားမပြည့်သည့်အတွက် စက်များမလည်ပတ်နိုင်ပါ။ မီးစက်များအစားထိုးအသုံး ပြုနေရသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားကြောင်းစက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတစ်ဦးက ပြောသည်။ရေနှင့်ပတ်သက်၍ ပိုက်လိုင်းများသွယ်ထားသော်လည်း ရေမလာသဖြင့် ကိုယ်ပိုင်တွင်း များတူး၍ အသုံးပြုနေရကြောင်း ကြာဆံစက်ရုံပိုင်ရှင်တစ်ဦးက ရှင်းပြသည်။ ယင်းကဲ့သို့ စက်ရေ တွင်းများတူးရသဖြင့် ရေကြီးမှုများဖြစ်လာမည်ကို စိုးရိမ်နေရကြောင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်သူများက ဆိုသည်။
“ကုန်ကြမ်းသွင်းလည်း ဒီအခွန်ပဲ၊ ကုန်ချောထုတ်ပြီး ပြန်ရောင်း တော့လည်း အခွန်ဆောင်ရတော့ ထုတ်ကုန်သမားကဘယ်လိုခေါင်း ထောင်နိုင်တော့မလဲ”ဟု စက်မှုဇုန်
ဥက္ကဋ္ဌတစ်ဦးက သူ၏အမြင်ကို ပြောသည်။ ပြည်တွင်းစက်မှုဇုန်များတွင် ထုတ်ကုန်လုပ်ငန်းများသည် ၂၀၁၀ ခုနှစ်တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေးကော်မတီ၏ စာရင်းများအရ (၄၃၄၀၈)ခုရှိသည်။ ယင်းတွင် အသေးစားစက်မှုလုပ်ငန်းများမှာ (၃၂၄၂၃) ခုနှင့် အလတ်စားလုပ်ငန်းမှာ (၆၉၅၀) ခု၊ အကြီးစားလုပ်ငန်းမှာ (၄၀၃၅) ခုရှိ ကြောင်းသိရသည်။


