May 20, 2012

ပြည်တွင်း၌ ဆန်သယ်ယူခြင်း ထောက်ခံချက်မလိုတော့

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂

ဆန်ကို ပြည်တွင်း၌ ထောက်ခံချက်မလိုဘဲ ဧပြီလမှစ၍ လွတ်လပ်စွာသယ်ယူခွင့်ပြုထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဝန်ကြီးဦးဝင်းမြင့်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြိတ်မြို့ရှိ ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခင်က တနင်္သာရီတိုင်း ဒေသကြီးသို့ ရေလမ်းမှ ဆန်တင်ပို့ရာတွင် ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ ထောက်ခံချက်လိုအပ်ပြီး ထောက်ခံချက်ရမှာသာတင်ပို့ခွင့်ရသည်။
“ကုန်းလမ်းက ပို့ရင် ဘာမှမလိုဘူး။ ရေလမ်းကပို့ရင် ရန်ကုန်ရော တနင်္သာရီအစိုးရအဖွဲ့ဆီက ထောက်ခံချက်လိုတယ်။ တစ်ခါတလေ ထောက်ခံချက်က တစ်လလောက်စောင့်ရတယ်”ဟုတနင်္သာရီတိုင်းဒေသကြီးသို့ဆန်တင်ပို့ နေသော ဘုရင်နောင်အခြေစိုက်ကုန်သည်တစ်ဦးကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ ရေလမ်းမှတင်ပို့ရာတွင် ကုန်းလမ်းက တင်ပို့ခြင်းထက် ဆန်တစ်အိတ်လျှင် ၁၅၀၀ ကျပ်ခန့်ပိုသက်သာကြောင်း အဆိုပါကုန်သည်ကဆိုသည်။
ယခင်က ဆန်သယ်ယူရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်လိုသော်လည်း ယခုနောက်ပိုင်းတွင်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ ကျန်ဒေသများအား သယ်ယူရာတွင် ထောက်ခံချက်မလိုတော့ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။