နေ့စဉ်ခရီးသည်တင်ဘတ်စ်များဖြင့် လှုပ်ရှားသွားလာနေကြသည် အမျိုးသမီးထုအနက်မှ ငယ်ရွယ်ရှက်ကြောက်တတ်သည့် အမျိုးသမီးများကို အများဆုံးပစ်မှတ်
ထားကာ နှောင့်ယှက်ပြုမူမှုများမှာ မကြုံဖူးသူ၊ မသိသူမရှိသလောက် များပြားလျက်ရှိနေဆဲဖြစ်သည်။
“ကျွန်မတို့တစ်ယောက်တည်းမဟုတ်ဘူး။ သူငယ်ချင်းတွေ၊ အစ်မတွေ၊ ညီမတွေအားလုံးနီးပါး ကြုံဖူးကြတယ်။ အသက်ငယ်လေလေ ပိုပြီးပစ်မှတ်ထားလေလေ။ သားကောင်ဖြစ်လေလေဖြစ်နေ တယ်။ ပြက်လုံးတွေမှာလည်း ဘတ်စ်ကားပေါ်က ထောက်လှမ်း ရေးတွေအကြောင်းကိုပြောလာကြပါပြီ။ သတိထားဖို့က မိန်းက
လေးချည်းရဲ့ တာဝန်မဟုတ်ဘဲ ယောက်ျားလေးတွေလည်းပါဝင်ရပါမယ်။ ကျွန်မတို့အမျိုးသမီးတွေရဲ့ခန္ဓာကသူတို့တွေရဲ့စိတ်ဖြေရာ ကိုယ်ခန္ဓာမဟုတ်ပါဘူး။ မြန်မာ တွေအချင်းချင်းကူညီဖို့ ၀န်မလေးကြသူတွေဖြစ်တဲ့အတွက် ဘတ်စ် ကားပေါ်မှာ အမျိုးသမီးတစ်ယောက် ကသာအဲဒီလိုခံခဲ့ရလို့ ခရာလေးသာမှုတ်လိုက်မယ်ဆိုရင် ဘေးက လူတွေကလည်း ခရာသံကြားပြီး ကူညီပေးကြမယ်ဆိုရင် ဒါမျိုးဖြစ် တာတွေကို တဖြည်းဖြည်းရပ်တန့် သွားနိုင်မယ်ဆိုပြီးတော့ လုပ်ဖြစ်တာပါ” ဟု Whistle for HelpCampaign တွင် ပါဝင်ဆောင်ရွက်သူ မထားထားက ပြောကြားသည်။
အမျိုးသမီးများကို ထိပါးစော်ကားကာ ဣနြေ္ဒပျက် ပြားအောင်ပြု လုပ်ကြသည့် ဘတ်စ်ကားပေါ်မှ အပြုအမူဆိုးကို ရပ်တန့်စေနိုင် စွမ်းသောငှာ စတင်လိုက်သော အကူအညီပေးမည့်ခရာ (Whistle for Help) ဟူသည့် ဆောင်ရွက်မှုတစ်ခုကို စတင်ပြီဖြစ်သည်။လိုင်းကားပေါ်တွင်မဖွယ်မ ရာပြုလုပ်ခံရသူအမျိုးသမီးများတွင် ဆယ်ကျော်သက်အရွယ်များ သာမက ၈ နှစ် ၉ နှစ်အရွယ် ကလေးငယ်များ၊ သီလရှင်များပင် ပြုလုပ်ခံရမှုများရှိကြောင်း အမျိုးသမီးများဆိုင်ရာ အင်န်ဂျီအိုများ မှသိရသည်။
“ဘတ်စ်ကားပေါ်မှာ ၁၃ နှစ်အရွယ်မိန်းကလေးနဲ့အတူယှဉ်ပြီး တော့ အသက်အရွယ်ကြီးတဲ့အမျိုး သားတစ်ဦးကထိုင်နေတယ်။ သူက ထိုင်ခုံလက်ရန်းကိုမှီပြီးမှောက် အိပ်နေတယ်။ သူ့လက်တစ်ဖက်ကတော့ သူ့မှာပါလာတဲ့ အိတ် အမည်းကြီးရဲ့အောက်မှာထားလို့ အိပ်နေတဲ့ပုံစံနဲ့။ ခဏကြာတော့သူ့ဘေးကထိုင်နေတဲ့မိန်းကလေး က မျက်ရည် တွေတွေကျနေပြီးတော့ ဘယ်သူ့မှလည်းမကြည့်ဘဲ ငြိမ်နေတယ်။ အဲဒါနဲ့တစ်ခုခု ဖြစ် နေပြီထင်ပြီး လူကြီးကိုင်ထားတဲ့ အိတ်ကို ဆွဲဖယ်လိုက်တော့ အဲဒီ
လူကြီးရဲ့လက်က မိန်းကလေးရဲ့ လုံချည်ထဲမှာရောက်နေတယ်။ အဲဒါနဲ့ ဆွဲထိုးပစ်ခဲ့ရတယ်။ အဲဒီမိန်းကလေးက မပြောရဲမဆိုရဲနဲ့ဘယ်လောက်တောင်ရှက်ကြောက်
ပြီး ထိတ်လန့်နေမလဲ။ ဒီလိုမျိုးအဖြစ်တွေ ဘယ်လောက်ရှိနေလဲဆိုတာ မသိနိုင်ဘူး”ဟု မိတ်ဆွေအမျိုးသားတစ်ဦးကြုံတွေ့ခဲ့သော အဖြစ်အပျက်တစ်ခုကို မထားထား
ကပြောပြသည်။
ဘတ်စ်ကားများပေါ်တွင် အမျိုးသမီးများကို ဣနြေပျက်ပြား အောင်ကိုယ်ထိလက်ရောက်အ နှောင့်အယှက်ပြုခြင်းကို ခရီးသည်အချင်းချင်းပြုလုပ်မှုများသာမက ခရီးသည် အမျိုးသမီးကိုကားပေါ် ဆွဲတင်သည့်ပုံစံဖြင့် ရင်သားကို ကိုင်ခြင်း၊ မှီထားခြင်း၊ တင်ပါးကိုထိခြင်းများကို ယာဉ်နောက်လိုက်များက ပြုလုပ်သည့်ဖြစ်စဉ်များလည်းရှိသည်။
Sexual Harassment ခေါ်လိင်မှုဆိုင်ရာထိကပါးရိကပါးပြုမူ ခြင်းကို မြို့တွင်း၊ နယ်ဝေးသွား ဘတ်စ်ကားများပေါ်တွင်သာမက နေရာဒေသ၊ အခြေအနေမရွေးတွင် အမျိုးသမီးများကြုံတွေ့နေ ကြရသည်။
ရေဒီယိုခေတ်၊ ကက်ဆက်ခွေခေတ်၊ စီဒီခေတ်မှသည် ခေတ်မီ ဖျော်ဖြေရေးအသုံးအဆောင်များ မော်တော်ယာဉ်များတွင်တပ်ဆင်လာပြီးသည့်နောက်ပိုင်း ဖျော်ဖြေ ရေးသီးသန့်သုံးစွဲမှုများရှိသလို ခရီးသည်ကို စိတ်အနှောင့်အယှက်ဖြစ်၊ အရှက်ရအောင်လုပ်ဆောင်မှုများက ခေတ်မီလာသည့်အခြေ အနေနှင့်နည်းတူ ဖြစ်ပွားမှုများ လာသည်ဟုဆိုရမည်ဖြစ်သည်။ “အမျိုးသမီးလေးယောက်ပေမယ့် တက္ကစီသမားကိုသီချင်းကိုရပ်ပစ်ဖို့၊ ကားကိုရပ်ပေးဖို့ ပြောဖို့ ကို ဘယ်လိုမှပြောလို့မထွက်တော့ဘူး။ အိမ်ပြန်နေတယ်ဆိုတာတောင် မေ့သွားတယ်။ တက္ကစီပေါ်မှာဖုန်းလာတာတောင် မကိုင်ရဲဘူးဖြစ်ခဲ့တယ်။ စကားပြောဖို့အသံကိုထွက် မလာတော့တာ။ ဒီလိုမျိုးမကြုံဘူး တော့ လူကိုနေမထိထိုင်မသာနဲ့ ရှက်တာပဲသိတော့တယ်။ နောက်ပြီးပုံမှန်သွားနေကျလမ်းက မသွားဘဲ လမ်းကြောင်းရှည်တဲ့ဘက်ကို ရွေးမောင်းပြီး သီချင်းတွေကိုတစ်ပုဒ်ပြီးတစ်ပုဒ် ကျော်ပြီးဖွင့်ပြတော့တာပဲ။ အိမ်နားရောက်တာတောင် ကားကိုချက်ချင်း မထွက်သေးဘဲ လူတွေကိုအကဲခတ်ကြည့်
နေသေးတယ်”ဟုတက္ကစီပေါ်တွင်ညစ်ညမ်း သီချင်းဖွင့်ပြမှုနှင့် ကြုံတွေ့ခဲ့သော အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“တစ်ခါကလည်း တက္ကစီတွေမှာ မဖွယ်မရာပုံတွေပြတယ် ဆိုပြီးကြားတော့ တစ်ယောက်တည်း တက္ကစီမစီးရဲသလောက်ပါပဲ။ လူတိုင်းကသိက္ခာမဲ့သူတွေမဟုတ်ပေ မယ့်ကံဆိုးစွာနဲ့ ကြုံရတဲ့အမျိုး သမီးတွေလည်းအများကြီးပါ။ တက္ကစီတစ်ယောက်တည်း မစီးရဲလို့ ခရီးသည်တွေအများကြီးပါတဲ့ လိုင်းကားကို တက်စီးတော့လည်း စိတ်ဓာတ်မကောင်းတဲ့သူတွေနဲ့ ကြုံရတာပဲ။ မိန်းကလေးတစ်ယောက် ကို နှောင့်ယှက်ခံနေရတာ တွေ့ နေပေမယ့်စပယ်ယာတွေကော၊ ခရီးသည်အချင်းချင်းကော မကူညီဘဲမသိချင်ယောင် ဆောင်နေတာမျိုးလည်းကြုံရဖူးတယ်”ဟုအသက် ၃၀ အရွယ်အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။
“မိန်းကလေးတွေကလည်း ကားပေါ်မှာဒီလိုမျိုးကြုံရပြီဆိုရင် ဘေးလူကိုမပြောရင်တောင် ငြိမ်မခံသင့်ပါဘူး။ ကိုယ်ကသူမဟုတ်တာလုပ်နေတယ်ဆိုတာကို သိ
အောင်တစ်ခုခုတော့လုပ်ရမယ်။ မိန်းကလေးကငြိမ်ခံနေတဲ့အခါကျတော့ သူလုပ်နေတာကိုလက်ခံပြီးငြိမ်နေတယ်လို့ထင်သွားနိုင်တယ်။ တစ်ခုခုတုံ့ပြန်လိုက်မှထိပါးလို့ မရမှန်းသိရင်ရှောင်သွားကြမှာပဲ”ဟုအ သက် ၂၉ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ဆိုသည်။ရဲဝံ့သည့်အမျိုးသမီးရာခိုင်နှုန်းအချို့က တွယ်ချိတ်ဆောင် ထားခြင်း၊ ဒေါက်ဖိနပ်နှင့်နင်းခြင်း၊ တံတောင်နှင့်တွက်ခြင်း စသည်ဖြင့် နည်းလမ်းစုံဖြင့် ကာကွယ်မှုပြုသည်များလည်းရှိသည်။
မြန်မာနိုင်ငံတွင်လက်ရှိပြဌာန်းထားသည့်ဥပဒေများတွင် အမျိုးသမီးများ ဣနြေ္ဒထိခိုက်အောင် လုပ်ဆောင်ပါက အရေးယူနိုင် သည့်ဥပဒေများရှိသော်လည်း နစ်
နာသူနှင့် ပြုလုပ်သူအများစုမှာ သိရှိမှုမရှိဟုဆိုသည်။အမျိုးသမီးများအား တစ်ဦးချင်းရှေ့တွင်ဖြစ်စေ၊ အများပြည်သူ ရှေ့တွင်ဖြစ်စေ ကာယိနြေ္ဒပျက်ပြားစေအောင် ကိုယ်အမူအရာ ဖြင့်ဖြစ်စေ၊ ညစ်ညမ်းရုပ်ပုံများ၊ ကဗျာ၊ စာများပြသခြင်း၊ ဗီဒီယို နှင့် သီချင်းများဖွင့်ပြခြင်း၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားခြင်း စသည်တို့ပြုလုပ်ပါက ပြစ်မှုအလိုက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ၃၅၄၊ ၅၀၉ တို့ဖြင့်အရေးယူ ခံနိုင်သည်ဟု သိရသည်။
ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်ရဲဥပဒေ၊ ရဲအက်ပုဒ်မ ၄၁ (၅၁) ဖြင့်အမျိုးသမီးကိုအရှက်ရစေအောင် မဖွယ်မရာပြသခြင်း၊ ပြုလုပ်ခြင်းများကိုအရေးယူဆောင်
ရွက်သည်ဟုသိရသည်။“ဒီလိုအဖြစ်အပျက်တွေက အရင်ခေတ်တွေတည်းက ရှိခဲ့ရာက ခုခေတ်ထိကိုဆက်ပြီး ရှိနေတယ်။အမှုဖွင့်တိုင်တန်းသူနည်းတယ်
လို့ဆိုရာမှာ ခံရတဲ့အမျိုးသမီးအပြင် သက်သေဆိုတာလည်း လိုအပ်တဲ့အတွက် သက်သေက စခန်းတွေ၊ တရားရုံးတွေအထိလိုက်ပြီးအချိန်ပေးလုပ်ရတဲ့အတွက် မလုပ်ချင်
ကြတာတွေလည်းရှိတယ်။ နောက်ပြီးတိုင်တန်းလိုက်လို့နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေကိုတွေးပြီး အမှုမဖွင့်ကြတာမျိုးတွေ လည်းရှိပါတယ်။ မြန်မာမိန်း ကလေးအများစုက ရှက်ကြောက်တဲ့အတွက် ငြိမ်ခံနေရသလိုဖြစ်နေ တယ်။ ကိုယ်ကိုယ်တိုင် မတုံ့ပြန်နိုင်ဘူးဆိုရင် ဘေးအနားက အမျိုးသမီးကြီးတွေ၊ ကားစပယ်ယာတွေ ကို အသိပေးအကူညီတောင်းတာ မျိုးတွေလုပ်သင့်တယ်။ တက္ကစီတွေပေါ်မှာ ညစ်ညမ်းဗီဒီယိုတို့၊ သီချင်းတို့ ဖွင့်ပြတာတွေကိုလည်းရဲတပ်ဖွဲ့ကိုမှ မဟုတ်ပါဘူး၊ ယာဉ်
ထိန်းရဲကိုလည်း တိုင်ကြားနိုင်ပါတယ်”ဟုဒဂုံမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဘတ်စ်ကားတွေပေါ်မှာ ယာဉ်နောက်လိုက်က ဣနြေ္ဒပျက်ပြားအောင် မဖွယ်မရာပြုတယ်ဆိုရင် မိန်းကလေးတွေအနေနဲ့က တိုင်တန်းတာတွေပြုလုပ်သင့် ပါတယ်။ လက်ရှိမှာကို တိုင်တဲ့သူတွေလည်းရှိပြီး စိစစ်အရေးယူ ဆောင်ရွက်ပေးပါတယ်” ဟုမထသမြို့တွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။မြန်မာနိုင်ငံ၏အခြေအနေ၊ ယဉ်ကျေးမှုနှင့်ကိုက်ညီနိုင်သည့် အယဉ်ကျေးဆုံး၊အနူးညံ့ဆုံးအပြု အမူတစ်ခုဟု ယူဆချက်ဖြင့် အမျိုးသမီးထုအတွက် ပထမခြေလှမ်းအဖြစ်ပြုလုပ်သည့်အကူညီပေး
မည့် ခရာ(၀ီစီ)လုပ်ဆောင်ချက်ကိုအမျိုးသမီးအများစုပါဝင်သည့် လုပ်အားပေးအဖွဲ့ဝင် ၁၅၀ ကျော်က ယခုလ ၇ရက်က ခရာများ(Whistles)နှင့်လက်ကမ်းစာ
ရွက် ၇၀၀၀ ကျော်ကို ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်နေရာ ရှစ် ခုတွင်ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။
“၀ီစီမှုတ်တာက အကောင်းဆုံး၊ အမှန်ဆုံး၊ အလုပ်သင့်ဆုံး အဖြေဆိုပြီးလုပ်ကြတာမဟုတ်ပါဘူး။ ဣနြေ္ဒပျက်ရတဲ့အပြုအမူ နဲ့ကြုံရပြီဆိုရင်ဘာလုပ်ပါတယ်။
ညာလုပ်ပါတယ်၊ ထုတ်ပြောမယ့်အစား ၀ီစီမှုတ်လိုက်တယ်ဆိုတာနဲ့နှောင့်ယှက်နေသူလည်း တန့်သွားပြီး အခြေအနေကိုကြည့်တော့မယ်။ ဘေးနားကလူတွေကလည်း အာရုံစိုက်သွားမယ်။ မိန်းကလေးတစ်ယောက်က ၀ီစီမှုတ်တာတွေ့မယ်၊ အချို့လည်းလိုက်လုပ်ကြမယ်ဆိုရင် ဒီလိုလုပ်ဖို့က ရှက်စရာလည်း မဟုတ်တော့ပါဘူး။ အဖွဲ့အစည်း တွေ၊ ပတ်ဝန်းကျင်က လူတွေကလည်အားပေးတိုက်တွန်းကြမယ်ရင် မိန်းကလေးတွေ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်နိုင်ကြမှာပါ” ဟုလုပ်အားပေးကော်မတီဝင်တစ်ဦးက ပြောသည်။
ယခုလ ၇ ရက်လုပ်ဆောင်ချက်၏ရလဒ်အရ အမျိုးသမီးအများစုကြိုဆိုလက်ခံမှုများ ရှိသဖြင့် အကူအညီပေးမည့် ခရာလုပ်ဆောင်ချက်မှာ လာမည့်ကာလများအတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဟု ဆိုသည်။ ထို့ကြောင့် မိန်းကလေး တစ်ဦး၏ လည်ပင်းတွင်ခရာအဆင်တန်ဆာချိတ်ဆွဲထားပြီဆိုလျှင် ပစ်မှတ်ထားရန် မလွယ်ကူတော့သည့် အခြေအနေတစ်ခုဖြစ်ကြောင်းအကျင့်ပျက်အမျိုးသားများ သတိချပ်ရမည်ဖြစ်သည်။


