ကချင်ပြည်နယ်ရှိ အထင်ကရနေရာတစ်ခုဖြစ်သော မြစ်ဆုံနှင့် မလှမ်းမကမ်းတွင် မေလ ၁၁ရက်က မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်)တို့အကြား တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“သောကြာနေ့(မေ ၁၁ရက်)က စဖြစ်တာပဲ။ တန်ဖဲရွာက လူတွေဒီဘက်ပြန်လာကြတယ်။ ဒီနေ့(မေ-၁၄)တော့ ပြန်တက်သွားတာတွေ့တယ်”ဟု မြစ်ဆုံအနီးမှ တိုက်ပွဲငယ်များနှင့်ပတ်သက်၍ အောင်မြေသာရွာသစ်တွင် နေထိုင်သူများကို မေးမြန်းရာ မေလ ၁၄ရက်က ယင်းသို့ပြန်လည်ဖြေကြားသည်။
“လက်နက်ကြီးတွေနဲ့ ပစ်သံမကြားပေမယ့် ဗုံးပေါက်ကွဲသံလိုလိုတော့ ကြားခဲ့ရတယ်။ အခုတော့ပြီးသွားပြီထင်တယ်”” ဟု တန်ဖဲရွာအနီးမှ ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲများ ဖြစ်ပွားသည့်နေရာမှာ မြစ်ဆုံစီမံကိန်းအတွင်းရှိ တန်ဖဲရွာအနီးတွင်ဖြစ်ပြီး၊ မြစ်ကြီးနားမြို့နှင့် မိုင် ၃၀ နီးပါးကွာဝေးသော နေရာတွင်ဖြစ်ကြောင်း တန်ဖဲရွာဒေသခံများထံမှ သိရသည်။တန်ဖဲရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားသဖြင့် ဥယျာဉ်ခြံစိုက်ပျိုးရေးပြုလုပ်လျက်ရှိသောဒေသခံများသည် ၁၀မိုင်ကွာဝေးသော အောင်မြေသာကျေးရွာသစ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက 7Day News သို့ပြောသည်။
“အခု တိုက်ပွဲတွေက ကချင်ပြည်နယ်ထဲက နေရာအနှံ့မှာ နေ့စဉ်လိုလိုဖြစ်နေတယ်။ လူတွေလည်းဒုက္ခရောက်လှပြီ။ တိုက်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ”ဟု အသက် ၅၀အရွယ် ကချင်အမျိုးသားတစ်ဦးကပြောသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများအရှိန်မြင့်လာသည်မှာ ဧပြီလဆန်းပိုင်းကတည်းကဖြစ်ပြီး သင်္ကြန်ကာလတွင် ပိုမိုပြင်းထန်လာကာ ဧပြီလဆန်းမှ ယခုအချိန်ထိ တိုက်ပွဲကြီး၊ ငယ်ပေါင်း၁၄၀ကျော် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ပြောကြားထားသည်။


