မိုးသားတိမ်တွေနဲ့ မကြည်လင်တဲ့ ဆောင်းရာသီကောင်းကင်ဆောင်းရာသီကာလကို ရာသီဥတု ပညာရှင်တွေက အေးပြီးခြောက်သွေ့တဲ့ကာလလို့ သတ်
မှတ်ခဲ့ကြပါတယ်။ ရာသီဥတုကလည်း ကောင်းကင်ပြာပြာ၊ နှင်းဖွေးဖွေးနဲ့ ရာသီဥတု ကြည်လင်အေးမြနေလေ့ရှိလို့ ပွင့်လင်းရာသီလို့လည်း လူသိများလှပါတယ်။ ဒီ
နှစ်ဆောင်းကတော့ ပြောမယုံ၊ ကြုံဖူးမှသိ ဆိုရမလို မိုးသားတွေတက်၊ ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ မိုးဖွဲလေးတွေက ကျလိုက်သေး။ အအေးပိုတစ်ခါ ပေါ့တစ်လှည့်နဲ့၊
တကယ့်ကို မျက်နှာများတဲ့ မိုးကောင်းကင်လို့ ခေါ်ရမတတ်ပါပဲ။
ဆောင်းတို့ရဲ့ယေဘုယျ သဘာဝ
အမှန်တကယ်တော့ ဆောင်းရာသီကာလဆိုတာ ရိုးရိုးပုံမှန် နှစ်တွေမှာဆိုရင်လည်း မြန်မာတစ်နိုင်ငံလုံးအေးပြီးခြောက်သွေ့နေတဲ့ ပွင့်လင်းရာသီဖြစ်နေကြ တာတော့မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမြာက်ပိုင်းစွန်းနဲ့ တောင်ပိုင်းစွန်း ဒေသတွေမှာဆောင်းကာလပေမယ့် ရာသီဥတု ကညို့ညို့မှိုင်းမှိုင်း၊ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အမြဲရှိနေတတ်ပါတယ်။ ဟိမ၀န္တာရဲ့ မြောက်ဘက်မှာ ရှိနေကြတဲ့ လေအေးများနဲ့ဖွဲ့စည်းထားကြတဲ့အနောက်လေစီးကြောင်းတွေဟာ နွေမုတ်သုံလေတွေဆုတ်
သွားတာနဲ့ ဟိမ၀န္တာရဲ့ တောင် ဘက်ကိုရောက်လာကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများကို လွှမ်းမိုးတိုက်ခတ်စေပါတယ်။ အဲဒီအနောက်လေစီးကြောင်း တွေထဲမှာ မိုးရွာသွန်းမှုကို ဖြစ် စေနိုင်တဲ့ ဖြစ်စဉ်တွေ မျောမျော ပါလာတဲ့အခါ မြောက်ပိုင်းဒေသ တွေမှာ ဆောင်းတွင်းကာလကြီးပေမယ့်မိုးတွေပြတ်တယ်လို့ မရှိ ကြပါဘူး။
အဲဒီလိုပါပဲ မြန်မာနိုင်ငံတောင်ပိုင်းစွန်း ဒေသတွေအပေါ်မှာလည်း ပူနွေးစွတ်စိုတဲ့အပူပိုင်း ဒေသအရှေ့လေတွေ လွှမ်းမိုးတိုက်ခတ်နေလေ့ရှိပါတယ်။ အဲဒီ.. အရှေ့
လေတွေထဲမှာလည်းအရှေ့လေပွေလှိုင်းတွေ ရောနှောပါလာပြီး ဖြတ်သန်းသွားတဲ့ အခါတွေမှာ တောင်ပိုင်းစွန်း ဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်းမှာလည်း ဆောင်း တွင်းကာလကြီးဖြစ်ပေမယ့် မိုးက မပြတ်လှပါဘူး။ အဲ..တစ်ခုပဲ ပြောစရာရှိတာကတော့ မြောက်ဘက်မှာ တိုက်နေတဲ့လေတွေနဲ့တောင်ဘက်မှာတိုက်နေတဲ့ လေတွေဟာ သဘာဝချင်း ဆန့်ကျင် နေကြတဲ့ လေထု (air mass) တွေ ဖြစ်နေကြတာပါပဲ။ အဲ.. အလယ်ပိုင်းဒေသတွေ၊ မြေလတ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေက တော့ဆောင်းဆိုရင် ယေဘုယျ အနေနဲ့ အေးပြီးခြောက်သွေ့တဲ့ ရာသီဥတု ရှိတတ်ကြပါတယ်။
၂၀၁၁-၁၂ ခုနှစ်ရဲ့ လက်ရှိ ဆောင်းရာသီရဲ့ ပထမဆုံးမိုး
အစကတည်းက ဒီနှစ်ဆောင်းဟာ အအေးပေါ့မယ့်ဆောင်းလို့ ကြိုတင်ခန့်မှန်းထားခဲ့ပါတယ်။ ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲ ဒီနှစ်ဆောင်းဟာ ၂၀၁၂ ခုနှစ်၊ ဇန်န ၀ါရီလ ပထမဆယ်ရက်ပတ် ကုန်တဲ့အထိပီဘိ အအေးပေါ့တဲ့ ဆောင်းပါပဲ။ အဓိပ္ပာယ်ကတော့ အနောက်လေအေးတွေ စီးဆင်းတိုက်ခတ်မှုအားနည်းနေတဲ့ အ
တွက်မြန်မာပြည်အောက်ပိုင်း အထိ မဆင်းနိုင်တဲ့ သဘောပါပဲ။ အဲ..ဇန်န၀ါရီလအလယ်လောက် ရောက်တဲ့အခါမှာတော့ အအေးပိုမှုကို စတင်ကြုံတွေ့လာခဲ့ရပါ
တယ်။ ဇန်န၀ါရီလ အလယ်လောက်မှာ အနောက်လေစီးကြောင်းတွေထဲက မြောက်ဘက်က လေအေးတွေဟာ မြန်မာနိုင်ငံအနောက်မြောက်ဘက် ချင်းပြည်
နယ်ကနေပြီး တိုးဝင်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အရှေ့လေစီးကြောင်းတွေထဲက အရှေ့လေပွေလှိုင်းတစ်ခုကလည်း မြန်မာနိုင်ငံထဲကို အရှေ့တောင်ဘက်မှဖြတ်သန်းဝင်လာခဲ့ပါတယ်။ ဖြစ်
ချင်တော့ ..ဒီ ဆန့်ကျင်ဘက်လေထုနှစ်ခု တို့ဟာ မြန်မာနိုင်ငံ အပေါ်မှာ လာရောက် တွေ့ဆုံကြပါတယ်။ ဆန့်ကျင်ဘက်လေထုတို့ရဲ့ ထုံးစံအတိုင်း ဒီလေထုနှစ်ခုဟာ ရောနှောသွားခြင်းမရှိဘဲ၊ ကြားခံနယ်နိမိတ်တစ်ခုကို ဖြစ်စေခဲ့ပါတယ်။အဲဒီနယ်စပ်တစ်လျှောက်မှာလေထုမငြိမ်သက်မှုတွေ ဖြစ်လာပြီးတိမ်တွေကို အတန်းလိုက်ဖြစ်
စေပါတယ်။ အဲဒီ.. တိမ်တန်းဟာ အနောက်တောင်-အရှေ့မြောက် အနေအထားနဲ့ တည်ရှိနေပြီး မြန်မာနိုင်ငံအပေါ်ကို အနောက်မှအရှေ့ကို ဖြတ်သန်းသွားခဲ့ပါတယ်။ အဲဒီ တိမ်တန်းဖြတ်သန်း သွားရာတစ်လျှောက်မှာ မိုးတွေ ရွာစေခဲ့ပါတယ်။
အအေး ပိုတစ်ခါ၊ပေါ့တစ်လှည့်နဲ့ ဆောင်းရာသီ
ဒီနောက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းသာမကတော့ဘဲ အလယ်ပိုင်းဒေသများအထိ အထက်ပိုင်းဒေသတစ်ခုလုံးကို အနောက်လေစီးကြောင်းတွေက လွှမ်းမိုးနေရာ ယူသွားပါတော့ တယ်။ ဒီအခါ အနောက်လေစီး ကြောင်းတွေဟာတောင်တန်းတွေ ကုန်းမြေတွေ အပေါ်မှာဖြတ်သန်းတိုက်ခတ်ရတော့မြေပြင်ရဲ့ ပွတ်မှုအားတွေကြောင့် လှိုင်းတွေဖြစ် လာစေပါတော့တယ်။ ဒီလှိုင်းတွေ ဟာ မြောက်ဘက်က လေအေးများ တိုးဝင်တဲ့နေရာတွေနဲ့ တောင်ဘက်က လေနွေးများတိုးဝင်နေတဲ့ နေရာတွေတစ်လှည့်စီနဲ့ ဖွဲ့စည်း ထားတဲ့ လှိုင်းတွေဖြစ်နေလေ တော့ ဒီနှစ်ဆောင်းရဲ့ နောက် ပိုင်းမှာ အအေးပိုတစ်ခါ၊ ပေါ့တစ်လှည့် နဲ့ ကြုံတွေ့ရတော့တာပါပဲ။ အချိန်ကာလအနေနဲ့လည်း (၃) (၄) ရက်လောက်ပဲ ကြာတတ်ပါတယ်။
လောလောဆယ်ဖြစ်နေတဲ့တိမ်တန်းတွေ
လောလောဆယ်မှာတော့ မြန်မာနိုင်ငံအပေါ်မှာ လေထုနှစ် ခုဖြစ်တဲ့ မြောက်ဘက်အရပ်ကောင်းလေအေးတွေရယ်၊တောင် ဘက်အရပ်က အပူပိုင်းလေနွေးတွေရယ် တိုက်ခတ်နေပါတယ်။ အဲဒီလေထုနှစ်ခုတို့ကြားမှာ buffer zone လို ကြားခံဇုန်ရှိနေပါတယ်။ အဲဒီကြားခံဇုန်တစ်လျှောက်မှာ တိမ်တန်းတွေဖြစ်ပေါ်နေပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့မွန်ပြည်နယ်နဲ့တနင်္သာရီ တိုင်းတွေအပေါ်မှာ တိမ်တွေဖြစ်ပြီး မိုးရွာစေပါတယ်။ တစ်ခါတစ်ရံတော့မြောက်
ဘက်တက်လာပြီး မြစ်ဝကျွန်းပေါ်အောက်ပိုင်း ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းတွေအပေါ်မှာပါ တိမ်တွေတက်
လာပါတယ်။ မိုးဖွဲလေး တွေကျလာတတ်ပါတယ်။ တိမ်တွေတက်လာတော့ညအပူချိန်တွေ လည်းတက်လာပြီး အအေးပေါ့သွားတတ်ပါတယ်။ နောက်တိမ် တွေလျော့သွား
တတ်ပြန်ပါတယ်။
ဒီနှစ်ဆောင်းလက်ကျန် ကာလ အတွက် ခန့်မှန်းချက်
အခုဆိုရင်သုံးလလောက်ကာလသက်တမ်းရှိတဲ့ဆောင်းရာသီကာလဟာသက်တမ်းထက်ဝက် ကျိုးခဲ့ပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလအကုန်အထိ သက်တမ်းရှိတဲ့ လက်ကျန်ဆောင်းရာသီ ကာလဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ Precipitation ပိုနိုင်ပြီး မြေလတ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ Precipitation လျော့နိုင်ပါတယ်။ ညအပူချိန်များအနေနဲ့တော့ တစ်ပြည်လုံးမှာ အ များအားဖြင့် အအေးပေါ့မယ်လို့ ခန့်မှန်းထားပါတယ်။
Rain နဲ့ Precipitation တို့ရဲ့အဓိပ္ပာယ်
ဆောင်းကာလခန့်မှန်းချက်တွေမှာ Precipitation ခန့်မှန်းချက်တွေလို့ဆိုရာမှာ Precipitation နဲ့ Rain ရဲ့ မတူကွဲပြားမှုကိုနည်းနည်းရှင်းပြလိုပါတယ်။ Precipitation ဆိုတာ လေထုထဲမှ မြေပြင်ပေါ်ကို ကျလာတဲ့ ရေငွေ့ နဲ့ပတ်သက်နေတဲ့ အရာအားလုံး ကိုခေါ်တာ ဖြစ်ပါတယ်။ လေထု ထဲကနေမြေပြင်ပေါ်ကို ပြန်ကျလာတဲ့ ရေနဲ့ပတ်သက်တဲ့အရာ တွေဟာ အသွင်အမျိုးမျိုးနဲ့မို့ အမျိုးအမည်များလှပါတယ်။ မိုးဖွဲ (drizzle) ၊ မိုး (rain)၊ မိုးသီး(hail) ၊ နှင်း (snow)၊ နှင်းခဲရည်(sleet)၊ နှင်းပွင့် (snow flakes)၊ နှင်းပေါက်ခါ (Hoar frost)၊ မြူ (mist)၊ မြူထူ (fog) စတာတွေ ဖြစ်ပါတယ်။ ဒီတော့ ဒီဆောင်းမှာ precipitation လျော့မယ်လို့ ဆိုရာမှာ မိုးသာမက မြူတွေနှင်း တွေပါ ကျတာလျော့လိမ့်မယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
သူလာ..လာလာ၊ မလာ .. လာလာ၊ကိုယ်ကစောင့်ရမှာ
အခုရက်ပိုင်းတွေအတွင်း ဥရောပအရှေ့ပိုင်းမှာ အာတိတ်လေအေးတွေ တိုးဝင်မှုကြောင့် အအေးလွန်ကဲမှုတွေ ဖြစ်နေပါတယ်။ တကယ်ဆိုရင် အရှေ့ ဥရောပဒေသဟာဆောင်းရာသီ ဆိုရင် ပုံမှန်ကကိုပဲ ရေခဲမှတ်အောက် -10 C မှ -12 C လောက် အထိအေးတတ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ဆောင်း အခုရက်ပိုင်းမှာ တော့ -30C ကနေ -33 C လောက်အထိ အအေးလွန်နေပါတယ်။ ဒီအအေးလွန်နေတဲ့ အအေးလှိုင်းတွေဟာ မြန်မာနိုင်ငံနဲ့ တော့ဝေးတဲ့အပြင် အခုအချိန်အထိလည်း မြန်မာနိုင်ငံဘက်ဆီကို တိုးဝင်လာမယ်လို့ ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီ အအေးလှိုင်းတွေဟာ အနောက်ကအရှေ့ဘက်ကို ရွေ့မယ်၊ သွားရာလမ်းကြောင်းမှာ ဟိမ၀န္တာတောင်တန်းနဲ့ တွေ့နိုင်တယ်။ တွေ့တာနဲ့အနောက်လေတွေ ဟာ အနောက်မြောက်လေတွေ အဖြစ် ပြောင်းသွားနိုင်တယ်။ ဒီလို ဖြစ်လိုက်တာနဲ့ ပထမအိနိယ နိုင်ငံမြောက်ပိုင်းကို တိုးဝင်လာ မယ်၊ နောက်တစ်ဆင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကို တိုးဝင်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ အအေးပိုမှုကို ကျွန်တော်တို့ ကြုံ တွေ့ကြရဦးမှာဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာကတော့ အဲဒီလေအေးတွေတိုးဝင်လာရင်ကုန်းတွင်းပိုင်းမှာ အအေးပိုတာလောက်ပဲ
ဖြစ်လာနိုင်ပေမယ့်အောက်ပိုင်းနဲ့ တောင်ပိုင်းကို တိုးဝင်လာတာနဲ့၊ လေနွေးတွေနဲ့ ထိတွေ့မိမယ်ဆိုရင်တော့ အချိန်အခါမဟုတ်မိုးကိုတော့ သတိထားကြရပါဦးမယ်။ ။


