ကြယ်စင်သာ
ဒီနေ့မနက် ၈ နာရီ ရုံးလည်းရောက်ရော မင်္ဂလာဖိတ်စာလေး တစ်စောင်ကျွန်မစားပွဲပေါ် ရောက်နေတယ်။ အမျိုးမျိုးသော ဖိတ်စာများကြောင့် အကြိမ်ကြိမ် အားငယ်ရ တယ်။ ငွေကြေးပြည့်စုံ သူတွေအတွက် မပြောပလောက်ပေမယ့် ကျွန်မတို့လို ရုံးဝန်ထမ်း (ပုဂလိက၀န်ထမ်း)တွေအတွက်ကတော့ အဓိကပြဿနာတစ်ရပ်ပါ။
နယ်မှမြို့တက်အလုပ်လုပ် သူတွေဆိုတော့ စားစရိတ်၊ နေစရိတ်၊ လောက်ငအောင် မနည်းသုံးနေရပါတယ်ဆိုမှ မင်္ဂလာဆောင်၊ အိမ်တက်၊ မွေးနေ့ဖိတ်စာတွေ ပလူပျံလို့။ အဲဒီလူမှုရေးတွေ က နေရာယူနေတော့ ရှေ့လစာပါ ကြို ထုတ်နေရတယ်။ အခုတော့ “၀မ်းရေးထက်လူမှုရေးကခက်”ဆိုသလို ဖြစ်နေပြီ။ ဒီလိုပြောတဲ့ ကျွန်မကိုရော အများအမြင်မှာ ကောင်းပါ့မလား။ ပြောလို့ ပြောတာမဟုတ်ဘူး။ ပညာသင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေကို ထောက်ပံ့ရပြီး မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက် တွေရဲ့ လူမှုရေးတွေအတွက် ပျက်ကွက်ခဲ့လို့ ကောင်းကောင်းမဖြည့်ဆည်းနိုင် လို့ ကိုယ့်ကိုယ်ကိုယ်အားငယ်မိတယ်။ကြာလာတော့လည်း မတတ်နိုင်တော့ပါ။ နာရေးတို့ မရှိဆင်းရဲသား၊ မိဘမဲ့အလှူငွေ၊ အိတ်ခ်ျအိုင်ဗီရောဂါသည်တွေအတွက် အလှူငွေစတဲ့ အကျိုးပြုလုပ်ငန်း တွေအတွက်ဆိုရင် ပိုသဒ္ဓါတရား ထက်သန်မိမှာ အမှန်ပါ။
ပြောသာပြောနေမယ့် တစ်ဦး တစ်ယောက်တည်းနေနေ တဲ့လောကမဟုတ်လေတော့ ၀တ္တ ရားရှိသည့်အတိုင်း လုပ်နေရတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်မြင်တွေ့နေ ကျတာဆိုတော့ ရှောင် လွှဲလို့ မရပြန်ဘူး။ ပုထုဇဉ်လူသား တွေဖြစ်တဲ့အတွက် အသွားအပြန် တစ်နေရာရာမှာ ဆုံကြဦးမှာဆို တော့လေ။ လူမှုရေးသံသရာကြီးကလည်း လည်ပတ်နေလို့ပေါ့။
အလုပ်ဘယ်လို ကြိုးစားကြိုး စား လက်ရှိအခြေအနေမှာ စားဖို့၊ နေဖို့ထက်မပိုတဲ့ လုပ်ခလစာနဲ့ ကိုယ့်လက်ထဲရောက်ရင် တန်ဖိုး နည်းသွားတဲ့ ငွေကို ဘယ်လိုစီမံခန့်ခွဲရ မလဲဆိုတော့ ကျွန်မတို့လို လစာနည်းဝန်ထမ်းတွေ လစဉ် ဦးနှောက်စားတဲ့ ပုစာတစ်ပုဒ်ပါပဲ။ လုပ်ခလစာတစ်ခုတည်း မိသားစု စားဝတ်နေရေး ပြေလည်ပြီး လူမှုရေးလည်း မပျက်ကွက်အောင် ကူ ညီဖြည့်ဆည်းနိုင်တဲ့ လစာကို မျှော်လင့်မိပါတယ်။ ဒီလို လစာပေး နိုင်အောင်လည်း ကျွန်မတို့လုပ်တဲ့ လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တွေ စတဲ့လုပ်ငန်းတွေအားလုံး ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဆုတောင်း နေမိပါတယ်။ အခုအခြေအနေမှာ တော့ ကျွန်မတို့လည်း လူမှုရေးမပျက်ရအောင် နည်းလမ်းရှာပြီး
စဉ်းစားရတာပေါ့။ တစ်ယောက်တည်းလည်း မတတ်နိုင်တော့ ၇၇၃=၁လုပ်ရတာလေ။ ၇၇၃=၁ဆိုလို့ နားလည်ကြမှာ မဟုတ်ဘူး။ ကျပ်ခုနစ်ရာစီပေါင်းစပ်ပြီး သုံး
ယောက်ပေါင်း ပါဆယ်တစ်ထုပ်လုပ်ရတယ်။ ဒီထက်မကတဲ့တန်ဖိုးရှိ အမှတ်တရပစ္စည်းတွေလက်ဖွဲ့ချင်ပေမယ့် အခြေအနေနဲ့အချိန်ကြောင့် ၇၇၃= ၁ နဲ့ပဲ ကျေနပ်
နေရပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေလည်း စာနာနားလည်နိုင်ပါစေလို့ပဲ ဆန္ဒပြုရင်းနဲ့ပေါ့...။


