ထူးချွန်ထက်မြက်သော နိုင်ငံတကာကျောင်းသားများကိုသာ ကျောင်းပြီးချိန်တွင် ဗြိတိန်နိုင်ငံ၌နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဗြိတိန်ပြည်ဝင်ခွင့်ဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
ဗြိတိန်နိုင်ငံသည် ထူးချွန်ကျောင်းသားများကိုသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ပြီး အလုပ်အကိုင်ရည်ရွယ် ချက်ဖြင့် ကျောင်းသားပြည်ဝင်ခွင့်ရယူလိုသူများကို စိစစ်ကြပ်မတ် သွားမည်ဟု ဆိုသည်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် ဒီဂရီဘွဲ့ရပြီးချိန်တွင် နေထိုင်အလုပ်လုပ်ကိုင်ရန် ၂ နှစ်သတ်မှတ်ထားမှုကို ဖျက်သိမ်းသွား မည်ဖြစ်သော်လည်း အထူးချွန်ဆုံးဘွဲ့ရကျောင်းသားများကိုမူ ဗြိတိန်နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ရန် လျှောက်ထားခွင့်ပြု သွားမည်ဟု သိရသည်။
“အရင်တုန်းက နိုင်ငံတကာ ကျောင်းသားအားလုံးကို ကျောင်းပြီးချိန်မှာ ၂ နှစ်နေထိုင်အလုပ် လုပ်ကိုင်ခွင့်ပေးတာ ဖျက်သိမ်းလိုက်တာပါ။ အခု အတော်ဆုံးကျောင်းသားတွေကို နေထိုင်အ လုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ထပ်ပြောတယ်။ ဗြိတိန်ပြည်ဝင်ခွင့်က အပြောင်းအလဲ အမျိုးမျိုးဖြစ်နေပါတယ်။ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေအနေနဲ့ အပြောင်းအလဲတွေက ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီလားဆိုတာ အမြဲစောင့်ကြည့်နေသင့်ပါတယ်”ဟုဗြိတိန်ပညာရေး လေ့လာနေသူတစ်ဦးက ပြောသည်။
တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ဗြိတိန်ပြည်ဝင်ခွင့်ဌာနမှ အသိအမှတ်ပြုလုပ်ငန်းရှင်ထံတွင် လစာငွေ အနည်းဆုံးပေါင်နှစ်သောင်းရရှိနိုင်မည့် လုပ်ငန်းခွင်၌ အလုပ်ခန့်ထားခြင်းခံရသော နိုင်ငံတကာကျောင်းသားများအနေဖြင့် ဗြိတိသျှစီးပွားရေး အကျိုးအမြတ်အတွက် ဗြိတိန်နိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ် ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


