အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံအတွက် အဓိကအချက်သုံးချက်ကို လုပ်ဆောင်သွားမည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့ စည်းရုံးရေးခရီးစဉ်တွင် ပြောကြားသည်။
“ကျွန်မတို့အဖွဲ့ချုပ်က အဓိက နိုင်ငံအတွက် ဘာလုပ်ဖို့လဲ ဆိုတာကို ဆုံးဖြတ်လိုက်တဲ့အခါမှာ၊ ရွေးကောက်ပွဲရဲ့မူဝါဒတွေထဲမှာ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက်ကို တင်ပြထားပါတယ်”ဟု လှည်းကူးမြို့ပြည်သူလူထုအား ပြောကြားသောမိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
အဆိုပါအချက်သုံးချက်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြုပြင်ရေးတို့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က ဥပမာတစ်ခုပေး၍ ပြောသွားခဲ့ပုံမှာ“မနေ့ကဆိုရင် ဒီအထဲက ပရိသတ်အများစုလည်းသိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်း ကိုသုံးခွင့်ပြုပြီးခါမှ သုံးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့ အခါကျတော့ ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့ အဖွဲ့ချုပ်တာဝန်ခံများက ရွေးကောက်ပွဲကော်မရှင်ကို အဲဒီကိစ္စတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်းရရှိစေရမယ်၊ ဆက်ပြီးလုပ် စေရမယ်၊ ဒါဥပဒေစိုးမိုးရေးပဲ”ဟု ပြောသွားခဲ့သည်။
ဒုတိယအချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍“ကျွန်မတို့နိုင်ငံဟာ ပြည် ထောင်စုဖြစ်တယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တယ်။ ဒီပြည် ထောင်စုကြီးတိုးတက်ဖို့ ဖွံ့ဖြိုးဖို့ဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးလိုတယ်”ဟု ပြောကြားခဲ့သည်။တတိယအချက်ဖြစ်သော ဖွဲ့
စည်းပုံအခြေခံဥပဒေပြုပြင်ရေးမှာ တရားဥပဒေစိုးမိုးရေးနှင့် ဆက်နွှယ်နေပြီး ဥပဒေများသည် ပြည်သူများ၏ နေ့စဉ်ဘ၀များအား စိုးမိုးထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်ခုလုံးကို လွှမ်းမိုး ထားသည်ဟု ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထုကိုအကျိုးပြုဖို့ အများကြီးလိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူလူထုရဲ့ အင်အား၊ ပြည်သူလူထုရဲ့ သြဇာအာဏာဟာ ဒီနိုင်ငံအပေါ်မှာ လွှမ်းမိုးရမယ်။ ပြည်သူသာလျှင် လွှမ်းမိုးရမဲ့၊ အဓိပ္ပာယ်ပဲ။ ဒီသြဇာ အာဏာတွေဟာတရားနည်းအရ အေးအေးဆေးဆေးနဲ့ လွှမ်းမိုးနိုင် မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး လိုတာပါ။ ပြည်သူလူထုရဲ့ သြဇာ လွှမ်းမိုးနိုင်မှ ပြည်သူလူထုဟာ ချမ်းသာနိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ရှင်းပြပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၅ရက်နေ့ နံနက် ၉နာရီ မိနစ် ၃၀တွင် သူမနေအိမ်မှစတင်ထွက်ခွာခဲ့၍ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများအား
မိန့်ခွန်းပြောကြားခဲ့ပြီးလှည်းကူးမြို့သို့ သွားရောက်ခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင် ပြည်သူ တစ်သောင်းခန့်လာရောက် စောင့်နေကြပြီး ထောက်ကြံ့လမ်းစုံမှစ၍ လှည်းကူးမြို့ရောက်သည် အထိ လမ်းတစ်လျှောက်ပြည်သူများကလှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
လှည်းကူးမြို့သို့ နေ့လယ် ၁၂ နာရီခန့်တွင်ရောက်၍နေ့လယ် စာသုံးဆောင်ပြီးနောက် တစ်နာရီ ၁၅ မိနစ်မှစ၍ ပရိသတ်သုံးသောင်းကျော်ရှိလူထုကြီးအားမိနစ် ၂၀ခန့် မိန့်ခွန်းပြောကြားခဲ့သည်။ မရမ်းကုန်းပြည်သူလူထု အား ပြောကြားသောမိန့်ခွန်းတွင် မြန်မာနိုင်ငံ၏အဓိကပြဿနာကြီးမှာ ဆင်းရဲနွမ်းပါးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဆင်းရဲနွမ်းပါးမှုရဲ့ အခြေခံအကြောင်းအရင်းက သုံးခုရှိပါတယ်။ ချက်ချင်းလက်ငင်းအမြန်ဆုံးဖြေရှင်းရမယ့်ပြဿနာကတော့ အလုပ်လက်မဲ့ပြဿနာပါ။ ရေတိုမှာ တတ်နိုင်သမျှအမြန်ဆုံးဖြေ ရှင်းရမယ့်ပြဿနာပါ။နောက်နှစ်ခုကတော့ ပညာရေးနဲ့ ကျန်းမာရေးပါ။ ရေရှည်ကိစ္စပါ”ဟု ပြောကြားခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဆင်းရဲမွဲတေမှုပြဿနာအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအားကူညီချင်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
“ပြည်သူတွေ၊ လယ်သမားတွေ ဆင်းရဲတွင်းကလွတ်အောင် လုပ်နေတယ်၊ ကူညီမယ်လို့ပြောတာသဘောကျတယ်။ နောက်နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး လယ် ယာထွက်ပစ္စည်းတွေ ဈေးကောင်းရအောင်လုပ်နေတယ်လို့ ပြောတာ သဘောကျတယ်” ဟု ထန်း တပင်မြို့နယ် ပန်းတိုင်ကျေးရွာမှ ကိုထွန်းထွန်းက ဆိုသည်။
ထို့အပြင် လှည်းကူးဒေသခံ ဒုတိယနှစ်ပထ၀ီအဓိကဖြင့် ကျောင်းတက်နေသော အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦးကလည်း“အမေရဲ့ဆန္ဒကပြည်သူတွေ ဆင်း
ရဲတွင်းက လွတ်မြောက်စေချင်တယ်။ ပြည်သူတွေ စည်းရုံးမှုရှိစေချင်တယ်။ အဲဒါကို အရမ်းသဘောကျတယ်”ဟု မှတ်ချက်ပြုသည်။တောင်သူလယ်သမားများ နှင့်ပတ်သက်၍ “တောင်သူလယ်သမားတွေရဲ့ ဘ၀ကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ တောင်သူလယ်သမားတွေရဲ့ ဘ၀မြှင့်တင်ရေးအတွက် အခုကမ္ဘာကြီးမှာဖြစ် ပျက်နေတဲ့ကိစ္စတွေကို လေ့လာပြီးတော့ စဉ်းစားနေပါတယ်။ ကမ္ဘာရဲ့ အခြေအနေအရဆိုရင် လယ်ယာထွက်ပစ္စည်းတွေရဲ့တန်ဖိုးဟာ တက်နေပါတယ်။ ဒီတန်ဖိုးတက် နေတဲ့ ပစ္စည်းတွေကို ပိုမိုပီပီပြင်ပြင်ထုတ်နိုင်ဖို့အတွက် ကျွန်မတို့အဖွဲ့ချုပ်က ကြိုးစားသွားပါမယ်”ဟု လှည်းကူးဒေသခံ တောင်သူများအား အားပေးစကားပြောရင်း
နှုတ်ဆက်ခဲ့သည်။


