May 20, 2012

နိုင်ငံအားဈေးကွက်တင်ခြင်း

စကားလုံးများနှင့် အတွဲအဖက်လုပ်၍ ဂိမ်းကစားခြင်းမှာ အချို့နေရာဒေသများမှာ အခြားနေရာများထက် လွယ်ကူပါသည်။

ဂျပန်နိုင်ငံဆိုလျှင် ဆူရှီ၊ ချယ်ရီပန်းနှင့် ဖူဂျီတောင်တို့နှင့်တွဲသိသည်။ အမေရိကန်နိုင်ငံဆိုလျှင် ဟမ်ဘာဂါ၊ ဟောလိဝုဒ်။ ပါရီမြို့ဆိုလျှင် အချစ်ဇာတ်လမ်း၊ ပြင်သစ်ပေါင်မုန့်နှင့် အီဖယ်လ်မျှော်စင် စသဖြင့်။ ယခု..တောင်ကိုရီးယားနိုင်ငံကို ကြိုးစားကြည့်ပါ။ စီးပွားရေးအင်အားကောင်းသောနိုင်ငံ၊ ကွန်ပျူတာချစ်ပ်ပြားများကို ကျော်လွန်၍ အခြားအမှတ်တံဆိပ်များကိုမြင်တွေ့ရန် ရုန်းကန်နေရလျှင် သင်တစ်ယောက်တည်းမဟုတ်ပါ။

တောင်ကိုရီးယားအစိုးရသည် မိမိနိုင်ငံ၏ နိုင်ငံတကာပုံရိပ်အား ပြောင်းလဲရန်ကြိုးစားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းသို့ကြိုးစားရာတွင် ပါဝင်ပတ်သက်ခဲ့သူများ ဥပမာ-ဆိုးလ်အစိုးရ၏ အမှတ်တံဆိပ်မန်နေဂျာ ပီတာကင်လိုလူမျိုးပင် ဤကိစ္စမှာ အလွန်ခက်ခဲကြောင်းဝန်ခံသည်။ “ကျွန်တော်တို့ ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံ ၁၃ နိုင်ငံထဲမှာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်သီးခြားအမှတ်တံဆိပ်မရှိဘူးဖြစ်နေတယ်”ဟု ပီတာကင်
ကဆိုပါသည်။ ယင်းတွင် တောင်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတည်ဆောက်ရေးကိုသာ အာရုံစိုက်ခဲ့ပြီးနိုင်ငံကို ဈေးကွက်တင်ခြင်းမရှိခြင်း မှာလည်း အကြောင်းအရာတစ်ခု အဖြစ်ပါဝင်သည်။ သို့ရာတွင် ယခုအခါ အမျိုးသားအမှတ်တံဆိပ် တည်ဆောက်ရေးအတွက် စတင်စဉ်းစားနေစဉ်မှာပင် ထူးခြားသော စိန်ခေါ်မှုများကြုံတွေ့နေရသည်။

“ခက်ခဲပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ “ကိုရီးယား” ဆိုတဲ့ နာမည်က မြောက်ကိုရီးယားနိုင်ငံနဲ့လည်းတူနေလို့ပါ”ဟု သမ္မတ၏ နိုင်ငံခြားမီဒီယာအဖွဲ့ဝင်ဖြစ်သူ ချိုဟွန်ဂျင်းကပြောရင်း “အခုချိန်ထိ ကမ္ဘာမှာ ကိုရီးယားနှစ်နိုင်ငံရှိတယ်ဆိုတာကို မသိတဲ့လူတွေ အများကြီးပဲရှိသေးတယ်”ဟု ဆိုသည်။ယခင်လကအထိ မစ္စတာကင်ဂျုံအီလ်ဦးဆောင်ခဲ့သော မြောက်ကိုရီးယားနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု၊ နိုင်ငံရေးဖိနှိပ်မှုနှင့် လက်ရှိဖြစ်ပေါ်နေသော နျူကလီးယားလက်နက်အစီအစဉ်များနှင့်ဆက်စပ်နေရာ ယင်းအကြောင်းအရာများကြောင့်ပင် နိုင်ငံတကာ သတင်းမီဒီယာများတွင် ပုံမှန်နေရာရနေသည်။ အကျော် ကြားဆုံး ကိုရီးယားလူမျိုးမှာ မစ္စတာကင်ဂျုံအီလ်ဖြစ်နေသည်ဟု စီနီယာဈေးကွက်မြှင့်တင်ရေးအရာ ရှိတစ်ဦးက စိတ်ပျက်လက်ပျက်မှတ်ချက်ချသည်။ သို့သော် အချို့ အရာရှိများကလည်း ကိုရီးယားနိုင်ငံ၏ ပုံရိပ်မှာ ၎င်း၏မဟာမိတ်များကြောင့်လည်း စွန်းထင်းခဲ့ရကြောင်းပြောသည်။ အမေရိကန် နိုင်ငံတွင်ပြသခဲ့သည့်  MASH    ဟု ခေါ်သော ကိုရီးယားစစ်ပွဲဇာတ်လမ်းတွဲများတွင် ကိုရီးယားနိုင်ငံမှာ တတိယကမ္ဘာမှ စုတ်ပြတ်နုံချာနေသော မျှော်လင့်ချက်မဲ့နိုင်ငံအဖြစ် ပုံဖော်ခဲ့ကြောင်းပြောကြသည်။ ယင်းပုံရိပ်ပေါ်တွင် ဒီမိုကရေစီသို့ ချီတက်ရင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းပတမ်းဆန္ဒပြပွဲများ၊ အာဏာသိမ်းပွဲများ၊ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးများ ထပ်မံထင်ဟပ်ခဲ့ခြင်းကလည်း အကူအညီမရပေ။

သို့သော် ယခုအခါ စတင်ပြောင်းလဲလာကြောင်း ဈေးကွက်မြှင့် တင်ရေးအရာရှိ မစ္စတာချိုကပြောသည်။ “ပုံရိပ်အပြောင်းအလဲတော့ ရှိလာတယ်။ အခုဆိုရင် ဆမ်ဆောင်းရဲ့ ထုတ်ကုန်တွေ၊ ကိုရီးယားပေါ့ပ် အဖွဲ့တွေ၊ မန်ယူဘောလုံးသမားပက်ဂျီဆန် စတာတွေရှိလာတယ်”ဟု မစ္စတာချိုက ဆိုသည်။ နှစ်ပေါင်းများစွာပင် အစိုးရက တောင်ကိုရီးယားနိုင်ငံနှင့် မြို့တော်ဆိုးလ်အား ဈေးကွက်မြှင့်တင်ရေးအစီအစဉ် အမြောက်အမြားကို ဖော်ဆောင်ခဲ့ပြီး နိုင်ငံနှင့် ဆိုးလ်မြို့တော်အတွက် “Sparkling”၊
“Dynamic”၊ “Soul of Asia ”  စသော စကားလုံးများအား ကြော်ငြာဘီလ်ဘုတ်များနှင့်ကမ္ဘာတစ်ဝန်း ရုပ်သံလိုင်းများတွင်ရေးထိုးခဲ့သည်။
ယင်းကြော်ငြာအစီအစဉ်များရှိလင့်ကစား တောင်ကိုရီးယားနိုင်ငံမှာ အခြားတိုင်းပြည်များနှင့်နှိုင်းယှဉ်လျှင် အမျိုးသားပုံရိပ်အလွန်အား နည်းနေပုံရပါသည်။ အနည်းဆုံးတော့ အာရှတိုက်ပြင်ပတွင် အား နည်းခဲ့သည်။

မကြာခဏဆိုသလို ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းမအောင်မမြင်ဖြစ်ရခြင်းမှာ ရှင်းလင်းသော သတင်းစကားပါးနိုင်မှုမရှိခြင်းကြောင့်ဟု လန်ဒန်ရှိ အရှေ့တိုင်းနှင့်အာဖရိက ဘာသာရပ်များ ကျောင်းမှ ကိုရီးယားအနုပညာ သမိုင်းအထူးပြုလေ့လာသူဒေါက် တာချားလော့ဟိုလစ်ကဆိုသည်။“Korea, Sparkling    ဆိုတဲ့ ကြွေးကြော်သံကို ကြည့်ပါဦး။ ဒါကို ဘာသာပြန်ဖို့မလွယ်တဲ့အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ကြည်လင်တောက်ပနေတယ် (Sparkling)ဆိုတာ ဘာလဲ။ လူတွေလား၊ စမ်းချောင်းတွေလား။ အမှတ်တံဆိပ်ဆိုတာ လူတွေအတွက် နားလည်ဖို့ရာ လွယ်ကူရမယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာချိုကလည်း ယင်းကို သဘောတူပြီး တောင်ကိုရီးယားနိုင်ငံ၏ အကွဲကွဲအပြားပြား ဈေးကွက်မြှင့်တင်ရေးအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်ကြောင်းပြောပါသည်။အမှန်တကယ်တွင်လည်း မည်သည့်အရာက အထင်ကရဖြစ်သည် ကို စားသုံးသူများကိုယ်တိုင် ဆုံးဖြတ်ချိန်၌သာ အမှတ်တံဆိပ်တည် ဆောက်ခြင်းအကောင်းဆုံးအလုပ်ဖြစ်ပြီး မည်သည့်အရာကို ကြိုက် နှစ်သက်ရမည်ဆိုသည်ကိုမပြောဘဲ ယဉ်ကျေးမှုပုံစံသစ်တစ်ခုကိုချပြမှ သာ လူထုက တုံ့ပြန်သည်ဟု   Hyundai Capital & Hyundai Card မှ လက်ထောက်လူထုဆက်ဆံရေးမန်နေဂျာ ဖီအိုနာဘေးက ဆိုသည်။    မျှတအောင်ပြောရလျှင်မူ တောင်ကိုရီးယားနိုင်ငံ၏ ကြွေးကြော်သံများနှင့် ပုံရိပ်များကိုမြှင့်တင်ရေးအစီအစဉ်များမှာ အခြေခံအားဖြင့် ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရေးကဲ့သို့ ကဏ္ဍများတွင် အဓိကကြော်ငြာ ခြင်းဖြစ်ပြီး ကျယ်ပြန့်သော တစ်မျိုးသားလုံးပုံရိပ်ကို မြှင့်တင်ခြင်း မဟုတ် ပေ။ အမှတ်တံဆိပ်မူဝါဒအကြံပေးဆိုင်မွန်အားနော့၏ အဆိုအရလည်း အမျိုးသားအမှတ်တံဆိပ်အား ကြော်ငြာ၍မရဟုဆိုသည်။

“ကမ္ဘာလှည့်ခရီးသွားတွေအတွက် ခင်ဗျားရဲ့နိုင်ငံကို ကြော်ငြာနိုင်ပါတယ်။ ဒါပေမဲ့ အမှတ်တံဆိပ်တော့ ကပ်ပေးလို့မရဘူး။ အမှတ်တံဆိပ်ဆိုတာ စားသုံးသူတွေရဲ့ စိတ်ထဲမှာဖြစ်ပေါ်လာတာမျိုးပါ”ဟု ၎င်းက ဆိုသည်။    မစ္စတာအားနော့၏ ကုမ္ပဏီက နှစ်စဉ်ကမ္ဘာ့နိုင်ငံများ၏ အမျိုးသားအမှတ်တံဆိပ်ညွှန်းကိန်းများကိုထုတ်ပြန်သည်။ စစ်တမ်း ကောက်ယူမှုများအရ လူအများအပြားသည် အခြားနိုင်ငံများနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားကိုပြောင်းလဲလေ့မရှိဟုတွေ့ရှိရပြီး အကယ်၍ ပြောင်းလဲခဲ့ပါ ကလည်း တဖြည်းဖြည်းချင်းသာ ဖြစ်လာသည်ဟုဆိုသည်။ “အမျိုးသားပုံရိပ်ကို ဖန်တီးလို့မရပါဘူး။ မီဒီယာကြောင့်လည်း အများကြီး မသက်ရောက်ဘူး”ဟု မစ္စတာအားနော့ကဆိုသည်။

သို့သော် တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံပုံရိပ်ညွှန်းကိန်း စာရင်းတွင် မူလက အောက်ခြေနားတွင်ရှိနေရာမှ တဖြည်းဖြည်းတိုးတက်လာပြီဖြစ်သည်။ “ကိုရီးယားနိုင်ငံရဲ့ ပုံရိပ်တိုးတက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားနိုင်ငံတိုးတက်နေလို့ပါပဲ။ နိုင်ငံကပိုပြီးချမ်း သာလာသလို ယုံကြည်မှုလည်း ပိုရှိလာတယ်”ဟု မစ္စတာအားနော့က ဆိုရင်း “နာမည်ကောင်းရတယ်ဆိုတာ လုပ်ရင်းကိုင်ရင်းရရှိလာတဲ့ အရာတစ်ခု တည်ဆောက်ယူလို့ရတာမျိုး မဟုတ်ဘူးဆိုတာကို ကိုရီးယားနိုင်ငံက နားလည်စပြုလာပြီ”ဟု ၎င်းင်းကဆက်ပြောသည်။

ယင်းသီအိုရီအား ၂၀၁၀ ပြည့်နှစ် ဆိုးလ်မြို့တွင် ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲထက်ပိုပြီး ထင်ထင်ရှားရှား သရုပ်ပြသော အရာမရှိပေ။ ယင်းထိပ်သီးအစည်းအဝေးကျင်းပပြီးချိန်တွင် တောင်ကိုရီးယားနိုင်ငံအား သတိပြုမိခြင်း ၁၇ ရာခိုင်နှုန်း ပိုများလာပြီး နှစ်သက် သဘောကျမှု ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ရာနိုင်ငံအား အအောင်မြင်ဆုံးဈေးကွက်တင်နိုင်ခဲ့သော အခမ်းအနားတစ်ခုဟု အမျိုးသားအမှတ် တံဆိပ်တည်ဆောက်ရေးဆိုင်ရာ သမ္မတကောင်စီကဆိုသည်။

“ဂျီ-၂၀ အစည်းအဝေးက အချိုးအကွေ့တစ်ခုပါပဲ။ တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာလုပ်ငန်းစဉ်တွေမှာ နောက်လိုက်နိုင်ငံတစ် နိုင်ငံကနေ အစီအစဉ် ရေးဆွဲသူဖြစ်လာခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ အဲဒီ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါပြီ”ဟု မစ္စတာချိုကဆိုသည်။မစ္စတာအားနော့ကလည်း ယင်းအချက်ကို သဘောတူသည်။ “တစ်ခုတည်းသော ဝေဖန်စရာကတော့ သူတို့ဟာ ပိုကောင်းတဲ့ပုံရိပ် တစ်ခုလိုချင်တယ်ဆိုတဲ့အချက်ကို အမြဲတစေ လူသိရှင်ကြားဖြစ်အောင်လုပ် နေတာပါပဲ”ဟု ၎င်းကဆိုရင်း “၀ါဒဖြန့်ချိခြင်းရဲ့ နံပါတ်တစ်စည်းကမ်းက လူတွေနဲ့ပတ်သက်လို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် မင်းလုပ်တော့ မယ်ဆိုတဲ့အကြောင်းကို လူတွေကို သတိမပေးဖို့ဘဲ”ဟုဆိုရင်း ၎င်းက စကားကို လက်စသတ်လိုက်ပါသည်။
—Ref: Selling South Korea