ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ရုရှားအောက်လွှတ်တော် ရွေးကောက်ပွဲတွေဟာ အတိုက်အခံတို့ဘက်က ကန့်ကွက်မှုတွေကိုပါ ဆူညံစေခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ယူနိုက်တက် ရုရှားကပဲ အမတ်နေရာ ထက်ဝက်ကျော်နဲ့ အသာစီးရခဲ့တာကြောင့် ယခင်သမ္မတဟောင်းဘ၀ကနေလက်ရှိဝန်ကြီးချုပ်တာဝန်ယူထားပြီး သမ္မတတစ်ကြိမ် ပြန်ဖြစ်ဖို့တာစူလာနေတဲ့ ကေဂျီဘီအေးဂျင့်ဟောင်း ပူတင်ရဲ့ အနေအထားကိုပါ သံသယဖြစ်စရာတွေပေါ်လာနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ် တွေမှာ မဲခိုးမှုတွေရှိခဲ့တယ်လို့ ယူဆခဲ့ရတဲ့ သန့် ရှင်းတဲ့ဒီမိုကရေစီစနစ်ကို ထောက်ခံသူ ရုရှားပြည်သူထောင်ပေါင်းများစွာဟာ မြို့ကြီးများမှာငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမှု တွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်က ယူနိုက်တက်ရုရှားပါတီဟာ အောက်လွှတ်တော်သစ်အတွက် အမတ်နေရာ ၄၅၀ မှာ ၂၃၈နေရာ အနိုင်ရထားကြောင်း ဒီဇင်ဘာ ၉ ရက်က ကြေညာ ထားသလို လက်ရှိသမ္မတ မက်ဗီဒက်ကလည်း ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုစွဲချက်တွေကို စုံစမ်းစစ်ဆေးသွားဖို့ အမိန့် ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အမည်ခံကွန်မြူနစ်စနစ်နဲ့ တစ်ပါတီနောက် ကြောင်း လှည့်သွားတော့မလား စောင့်ကြည့်ရပါတော့မယ်။ ဒါကြောင့်ပဲ
ဒီလိုအချိန်မှာ ဂျာမန်စပိုင်းဂဲလ်မီဒီယာက ယခင် သမ္မတဘောရစ်ယဲ့လ် ဆင်လက်ထက်မှာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိမှာ ရုရှားရဲ့ ထိပ်တန်းအတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်နဲ့ မျက်မှောက် ရုရှားနိုင်ငံရေးမြင်ကွင်းအကျဉ်းကို သိရအောင် ရုပ်လုံးဖော်မေးမြန်းထားတာလေးကို ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။
မစ္စတာနမ်ဆော့ဗ်ခင်ဗျား။ အတိုက်အခံဆိုတာကို ခွင့်မပြုတဲ့ နိုင်ငံတစ်နိုင်ငံမှာ အတိုက်အခံနိုင်ငံရေးသမားတစ်ဦးက ဘာများအတိအကျလုပ်နေတာရှိပါသလဲ။
ဥပမာအားဖြင့် အမှောင်ထဲမှာ မိန့်ခွန်းတွေခြေနေရာတာမျိုးပေါ့လေ။ မကြာမီကပဲ ကျွန်တော်ကြုံခဲ့တာလေးပါပဲ။ (အဲဒီတုန်းက) ကျွန်တော်က ရုရှားတောင်ပိုင်းက ခရာစနိုဒါမှာ မဲဆွယ်ပွဲတစ်ခုမှာရှိနေခဲ့တယ်။ ပွဲတစ်ခုလုံးကို ဒေသခံယဉ်ကျေးမှုစင်တာမှာကျင်းပဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ့အချိန်မှာပဲ အဆောက်အအုံကိုအရေးပေါ် အခြေအနေ ၀န်ကြီးဌာနက ရဲတပ်ဖွဲ့တွေ၊ ပူတင်လူငယ်အဖွဲ့က တပ်ဖွဲ့တွေ ၀ိုင်းခဲ့ ကြတယ်။ ဒီနောက်တော့ အဆောက်အအုံထဲမှာ ဗုံးရှိတယ်ဆိုတဲ့ သတင်းတွေရောက် လာပြီး မီးတွေကိုလည်း ပိတ်ပစ်လိုက်ကြတယ်။ ကျွန်တော်လည်း ဘ၀မှာ ပထမဆုံးအကြိမ်အနေနဲ့ လုံးဝအမှောင်ထုထဲမှာ မိန့်ခွန်း ပြောရတော့တယ်။ သူတို့ဟာကျွန်တော် တို့ကို ဘယ်လောက်ကြောက်နေ တယ်ဆိုတာကို အဲဒါကပြသနေပုံပေါ့။ ဒါပေမဲ့ ပူတင်ဝါဒရဲ့ အမှောင်ထုထဲမှာပဲ ကျွန်တော်မိန့်ခွန်းကို ဆက်ပြောခဲ့တယ်။
၁၉၉၇ မှာ လူကြီးမင်းဟာ လက်ထောက်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ထိုစဉ်က သမ္မတဘောရစ်ယဲ့လ်ဆင်ကို ဆက်ခံဖို့ အလားအလာရှိသူအဖြစ် ညွှန်းဆိုခံခဲ့ရတယ်နော်။ယနေ့အခါမှာ တော့ လူကြီးမင်းကို နိုင်ငံရေးရာထူးရဖို့ မျှော်လင့်ချက်မရှိတဲ့ အစိုးရကိုဝေဖန်သူတစ်ဦးဖြစ်နေတယ်။ ဒီအချက် က လူကြီးမင်းကို ခါးသီး(အမုန်းပွား)တဲ့ လူတစ်ဦးဖြစ်အောင် ဖန်တီးပေးလိုက်တာလား။
ကျွန်တော်က ကရင်မလင် (နန်းတော်)မှာရှိတဲ့သူတွေထက် ပိုပြီးပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့ သဘောတရားတွေကို ကျွန်တော်သစ္စာမဖောက်ဘူး။ ကိုယ်ယုံ ကြည်တာကိုပဲ ကိုယ်လုပ်တတ်တယ်။ ဒါပေမဲ့ အတိုက်အခံတစ်ဦးအနေနဲ့တော့ ခင်ဗျားဟာ အရာရာအားလုံးအတွက်ပြင်ဆင်ထားရပါမယ်။ ခင်ဗျားအသတ်ခံရနိုင်တယ်။ ထောင်ထဲမှာ ဘ၀ဆုံးနိုင်တယ်။ ဒါမှမဟုတ် အမိုနီယမ်ဟိုက်ဒရိုဆိုက်ဓာတ်ငွေ့တွေနဲ့ အလောင်းခံရနိုင်တယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလတုန်းက ကျွန်တော်ဖြစ်ခဲ့တာပေါ့။ တစ်ယောက်ယောက်က အပေါ်ကနေ အိမ်သာပုံးတစ်ခု ကို ကျွန်တော့်ကားပေါ်ပစ်ချခဲ့တယ်။ အဲဒီလိုမျိုးတွေပေါ့လေ။ ခင်ဗျားကတော့ရယ်နေမယ်။ ဒါပေမဲ့ဒါဟာရယ်စရာ ကိစ္စမဟုတ်ပါဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ အတိုက်အခံဆိုတာ ပါလီမန်ထဲမှာ ထိုင်နေတယ်။ ဒါပေမဲ့ ရုရှားလို အာဏာပိုင်ဝါဒထွန်းကားတဲ့ နိုင်ငံမျိုးမှာတော့ အဲဒါ ပိတ်လှောင် ခံထားရမှာပဲ။
လူကြီးမင်းအနေနဲ့ အနောက်တိုင်းကြောင့် စိတ်ပျက်နေတာလား။ (သူတို့ ဟာ) ရုရှားက အတိုက်အခံတွေအတွက် ပိုပြီးထောက်ခံပေးသင့်ပါသလား။
ဒီမိုကရေစီကို တင်ပို့ကြတာကို ကျွန်တော်မယုံကြည်ဘူး။ ကျွန်တော်တို့ရုရှားတွေဟာ ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်မှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရယူအောင် မြင်နိုင်ရပါမယ်။ ဒါပေမဲ့ ဥရောပပါလီမန်က အ တိုက်အခံဘက်ကိုထောက်ခံပြီး ရုရှားရွေးကောက်ပွဲလိမ်လည်မှုတွေကို ရှုတ်ချခဲ့တာကတော့ ကျွန်တော်တို့အတွက်အကူအညီ ဖြစ်စေပါတယ်။ ပါလီမန်ရွေးကောက်ပွဲမှာ ကျွန်တော့်ပါတီကို (၀င်ပြိုင်ခွင့်မပေးဘဲ) ပိတ် ပင်တာမျိုးကိုဝေဖန်တာ အကူအညီဖြစ်စေပါတယ်။
ဒါပေမဲ့ လူကြီးမင်းဟာ ပြည်သူတွေကို မဲပေးကြဖို့ တိုက်တွန်းနေဆဲပဲနော်။
“သူခိုးတွေရဲ့ အစိုးရကို ဆန့်ကျင်မဲပေးကြ။ သူတို့အကုန်လုံးကို ဆန့်ကျင်မဲပေးကြ”ဆိုတဲ့ ကြွေးကြော်သံနဲ့ စည်းရုံးလှုပ်ရှားမှုတစ်ခု ကျွန်တော်တို့လုပ်ထားပါတယ်။ ကျွန်တော်တို့ (ကြွေးကြော်သံ) စတစ်ကာပေါင်း ၄၅၀၀၀ လောက် ပုံနှိပ်ထားခဲ့တယ်။ ကျွန်တော့်ကားမှာလည်း တစ်ခုကပ် ထားတယ်။ ကျွန်တော်ကားမောင်းသွားတော့ နောက်ဘက်လမ်းထဲမှာ ကျန်ခဲ့တဲ့လူတွေက လက်ဟန်ခြေဟန်နဲ့ “အဲဒါ သိပ်ကောင်းတယ်”လို့ သူတို့ထင်ကြောင်း ကျွန်တော်သိအောင်လှမ်းအချက်ပြကြတယ်။ ရဲအရာရှိတွေ တောင်မှ ကျွန်တော့်ကိုတားပြီး စစ်ဆေးချိန်မှာ “ဘောရစ်၊ ခင်ဗျားလုပ်နေတာ မှန်တာကိုလုပ်နေတာပဲ”လို့ပြောကြတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက လက်ရှိအာဏာရပါတီရဲ့ ညီလာခံမှာ ပူတင်ဟာ သူ့ကိုယ်သူ သမ္မတလောင်းနေရာပေးခဲ့တယ်။ သူဟာ အာဏာကို ဘယ်လောက်ထိကြာကြာ ကိုင်ထားဦးမှာပါလဲ။
ပူတင်က လက်ကျန်သူ့ဘ၀တစ်လျှောက်လုံးကို အုပ်ချုပ်ချင်နေတာ ပါ။ ဆိုလိုတာက အဲဒါဟာ ရုရှားအတွက် ဖိနှိပ်ခံရခြင်း၊ အဆင့်နိမ့်ကျ သွားခြင်း၊ လှုပ်ရှားမှု မဲ့ခြင်းပေါ့။ အကောင်းမြင်သမားတွေကတော့ ၂၀၂၄ မတိုင်ခင်အထိ သူ သမ္မတရာထူးမှာ ဆက်နေချင်နေတယ်လို့ ယုံကြည်ကြ တယ်။ အဆိုးမြင်သမားတွေကတော့ ၂၀၃၆ လောက်အထိ ကြာဦးမယ် လို့ပြောနေကြတယ်။ ကျွန်တော်က အကောင်းမြင်သမားပါ။ ဖြစ်နိုင်သမျှ မြန်မြန်လေး သူ့ကိုရာထူးက ထွက်သွားစေချင်နေပါတယ်။ ရုရှားက အာဏာရှင်စနစ်ဟာ ဥရောပအတွက် အိုကေတယ်လို့ ယုံကြည်ရင်တော့ ခင်ဗျားမှားပြီ။ ပူတင်နဲ့ခင်ဗျားတို့ ချစ်ကြည်ရေး ပိုနီးစပ်လေလေ ခင်ဗျား တို့ကိုယ်တိုင်အတွက် ပြဿနာတွေ ပိုဖန်တီးလေဖြစ်မယ်။
ဒါဆို ဂျာမနီဟာ ဘာလုပ်သင့်ပါသလဲ။
ဥရောပဟာ တန်ဖိုးစံတွေနဲ့ သဘာဝဓာတ်ငွေ့အကြား ဆုံးဖြတ်ချက် ချရပါမယ်။ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့အတွက်ကတော့ (ရုရှားက) ဓာတ်ငွေ့တွေဟာ လူ့အခွင့်အရေး၊ ပြည်သူ့အခွင့်အရေး(တန်ဖိုးစံ)တွေထက် ပိုအရေးပါနေတယ်။ ဒါဟာ ဂျာမန်အဓိပတိအန်ဂျလာမာကယ်လ်က သူ့စိတ်ထဲ(အပြင်နဲ့ လုံးဝမတူဘဲ)ကွဲကွဲပြား ပြားခံစားနေရတယ် ဆိုတာတောင်မှနော်။ ဒါ ကျွန်တော့်တိုင်းပြည်ကို ဆန့်ကျင်ပြီး ပိတ်ဆို့မှုတွေလုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အဲဒီ့အစား အနောက်တိုင်းဟာ လူ့အခွင့်
အရေးနဲ့ ပြည်သူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူသင့်ပါတယ်။ ဒါပေမဲ့ ဥရောပမှာရှင်းလင်းတဲ့ ရုရှားမူဝါဒမရှိ ဘူး။ ဒီတော့ ပူတင်က ပါးပါးနပ်နပ်နဲ့ အသာစီးရယူ ကစားနေပါတယ်။
လူကြီးမင်းဟာ စတာလင်ဝါဒနဲ့ ပူတင်ဝါဒဆိုပြီး နှိုင်းယှဉ်နေတာမျိုးတော့ မဟုတ်ပါဘူးနော်။
စတာလင်လက်အောက်မှာတော့ ဖိနှိပ်မှုက ပိုပြင်းတာပေါ့။ ယနေ့ ကာလမှာတော့ ကျွန်တော်အနောက်တိုင်းကို ခရီးထွက်နိုင် ပြောင်းရွှေ့နိုင်တယ်။ အင်တာနက် ပေါ်မှာ လွတ်လပ်စွာဖော်ပြခွင့်ရပြီး ခင်ဗျားတို့ စပိုင်းဂဲလ်နဲ့လည်း စကားပြောနိုင်တယ်။ လူတွေက ဆန္ဒရှိတဲ့အတိုင်း သူတို့ဘ၀ သူတို့ ဦးဆောင်ကြတယ်။ ဒါမျိုးက စတာလင်လက်အောက်မှာတော့ မဖြစ်နိုင်ခဲ့ဘူး။ ပူတင်ဝါဒဆိုတာ က ပုဂိုလ်ရေးလွတ်လပ်မှုနဲ့အတူ တွဲဖက်ထားတဲ့ နိုင်ငံရေးလွတ်လပ်မှုကင်းမဲ့တာကို ဆိုလိုတာ။ ဒီအဓိပ္ပာယ်
အရတော့ ပူတင်ဝါဒက စတာလင်ဝါဒနဲ့ ယှဉ်ကြည့်ရင် တိုးတက်မှုဖြစ်တယ်။ ကျွန်တော်လုပ်ချင်ရာလုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်နိုင်တာကအာဏာချိန်ခွင်လျှာညီမျှမှု ရှိအောင် သြဇာလွှမ်းမိုးရေးဖြစ်တယ်။ ရုရှားက ဒီထက်ပိုကောင်းတာမျိုးနဲ့ပဲ ထိုက်တန်တာပါ။
ပူတင်ကလည်း အောင်မြင်မှုကို လမ်းညွှန်နိုင်တာပဲလေ။ ရုရှားဟာ အခုဆိုရင် နိုင်ငံတော်ဘတ်ဂျက်ညီမျှနေတယ်။ ကမ္ဘာ့တတိယအကြီးဆုံး အရန်နိုင်ငံခြားသုံးငွေပမာဏကို ကိုင်ထားတယ်။ လူတွေကြားထဲက တကယ့် ၀င်ငွေကလည်း သိသိသာသာ တိုးလာတယ်မဟုတ်လား။
အဲဒါ ရေနံဈေးနှုန်းတွေ မြင့်လာလို့ပါ။ ပူတင်ကြောင့်မဟုတ်ပါဘူး။ ဒါ့ကြောင့် သူက ၀န်ထမ်းလစာတွေနဲ့ ပင်စင်တွေကို တိုးပေးနိုင်ခဲ့တာပါ။ ၁၉၉၈ မတ်လတုန်းက ရေနံတစ်စည်ဈေးက ၁၂ ဒေါ်လာပဲရှိတယ်။ အဲဒီတုန်းက ကျွန်တော်လက်ထောက်ဝန်ကြီးချုပ်ဖြစ်နေတာပါ။ ရေနံ တစ်စည်ဈေး ဒေါ်လာ ၂၀လောက်အထိတက်သွားဖို့ ကျွန်တော် အိပ်မက်မက်ခဲ့တယ်။ အဲဒီလိုသာဖြစ်ခဲ့ရင်လည်း ကျွန်တော်တို့ ကူဝိတ်သား တွေလို နေနိုင်မှာသေချာတယ်။ ယနေ့မှာ ရေနံတစ်စည် ဒေါ်လာ ၁၁၀ က ကျွန် တော်တို့ ကို ဘတ်ဂျက်ညီမျှအောင် မလုပ်ပေးနိုင်သေးဘူး။ ပြီးတော့ တိုင်းပြည်ရဲ့ ပြဿနာတွေကလည်း မဖြေရှင်းရသေးဘူး။ ညံ့ဖျင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ ပညာရေးစနစ်တို့ပေါ့။ ပြီးတော့ မထိရောက်တဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပေါ့လေ။
တကယ်လို့များ တစ်စုံတစ်ယောက်က၂၀၀၀ ပြည့်နှစ် ပူတင်အာဏာမရခင်မှာ ကိုမာ ( COMA ) ရောဂါရပြီးမေ့သွားရာက ဒီနေ့ကာလမှာ ပြန်နိုးလာမယ်ဆိုရင်ဒီတိုင်းပြည်နဲ့ ပတ်သက်လို့သူဘာများတွေးမိမလဲ။
သူ အံ့သြသွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သူအိပ်ပျော်သွားချိန်(ကိုမာရောဂါရ သတိမေ့သွားချိန်) ဆိုဗီယက်ယူနီယံကြီးက အတိတ်က အရာတစ်ခုဖြစ်နေ ဆဲပဲလေ။ အခုတော့ တစ်ပိုင်းတစ်စပြန်ရှင်သန် လာနေပြန်တယ်။ ကျွန်တော်တို့က ဆိုဗီယက်ခေတ် သြဇာလွှမ်းမိုးတဲ့ အရင်းရှင်လူ့အဖွဲ့ အစည်းမှာရှင်သန်နေတာပါ။ ဒီလူ့အဖွဲ့အစည်းက ဆိုဗီယက်ခေတ်ဒုက္ခတွေရယ် အောင်အောင်မြင်မြင်လည်ပတ်နေတဲ့ အရင်းရှင်ပုဂလိကကုမ္ပဏီကြီးတွေရယ်နဲ့ ရောသမမွှေထားတာလေ။
—Ref: "Putin wants to govern for the rest of his life"Spiegel: 1st Dec.2011


