ကြူကြူဟန်၊ အေးမြတ်သူ
အကယ်ဒမီပွဲကို သွားခဲ့တဲ့အခါမှာ အစ်ကိုကိုယ့်ကိုယ်ကိုယ်ရလိမ့် မယ်ဆိုတဲ့အထင်နဲ့သွားခဲ့သလား။
ကျွန်တော် မျှော်လင့်မထားဘဲ သွားခဲ့တာပါ။
ငါမရခဲ့ရင်ဆိုတဲ့ အတွေးရောဝင်ခဲ့သေးလား။
ဟုတ်ကဲ့၊ ကျွန်တော်အဲလိုပဲတွေးပြီးသွားတာပါ။ အဲလိုပဲ အစောကြီးထဲက တွေးပြီးသွားပါတယ်။ ကျွန်တော်တို့ဒီဆုကရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကျွန်တော်တို့အနုပညာသမားအားလုံးက ဒီလမ်းကိုပဲ လျှောက်ကြရတာပါ။ ရခဲ့တဲ့အတွက်လည်း အားဆေးတစ်ခွက်လည်းဖြစ်ပါတယ်။
ဆုမကြေညာခင် မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအလိုမှာ အစ်ကို ဘာတွေ တွေးနေခဲ့လဲသိပါရစေ။
မတွေးပါဘူး။ ကျွန်တော်နဂိုထဲက စိတ်ကိုအားလုံးလျှော့ထားပြီးသားပါ။
အစ်ကို့ ဘယ်ဘက်ရင်ဘတ်မှာ မြန်မာပြည်မြေပုံရင်ထိုးထိုးထားတာတွေ့မိတယ်။အဓိပ္ပာယ်တစ်ခုခု၊ ရည်ရွယ်ချက်တစ်ခုခုများရှိမလားရှင့်။
ဟုတ်ပါတယ်။ ကျွန်တော်ကို မွေးခဲ့တဲ့အမိမြေပါ။ ကျွန်တော်တို့ တန်ဖိုးထားရမယ့်အမိမြေပါ။ အဲဒါကို ကျွန်တော် စိန်နဲ့လုပ်ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အသက်သွေးကြောလို့ တင်စားရလောက်တဲ့ ဧရာဝတီနဲ့ ချင်းတွင်းကို ပတ္တမြားလေးတွေနဲ့စီပြီးတော့ အမြတ်တနိုးထိုးခဲ့တာပါ။
“ပင်လယ်ထက်ကနေ၀န်းနီ”ရိုက်ကွင်းတွေက ကိုယ်နဲ့မရင်းနှီးတဲ့ နေရာတွေမှာ ရိုက်ခဲ့ရတာနော်၊ အစ်ကို့အတွက် ခုထိ စဉ်းစားလိုက်တိုင်း အရင်သတိရတဲ့ အမှတ်တရဖြစ်နေတဲ့တစ်ခုခုက ဇာတ်ကားနဲ့ပတ်သက်ရင် ဘာဖြစ်မလဲ။
ဒီကားရိုက်တဲ့နေရာထက် ကားရိုက်ဖို့သွားတဲ့ Location ကို သွားတဲ့နေရာကပိုပြီးတော့ သတိရပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ရောက်လေရာမှာပဲဖြစ်ဖြစ်၊ နေ့တိုင်းလုပ်တတ်တဲ့ အလုပ်ပါမေ့မနေပါဘူး။ အိမ်သာဝင်တဲ့အလုပ်ပါ။ အဲမှာလည်း အိမ်သာအခက်အခဲနဲ့သွားခဲ့ရပါတယ်။ အခက်အခဲကအများကြီးပါပဲ။ ကျွန်းပေါ်မှာဆိုတော့လည်း ကျွန်တော်တို့သွားရိုက်တဲ့ ကျွန်းပေါ်မှာ အိမ်သာဘယ်သူမှလိုက်မဆောက်ပေးတဲ့အတွက် ဒီလိုပဲအဆင်ပြေအောင် ချုံတိုးခဲ့ရတာတွေလည်း အများကြီးပါပဲ။ အဲဒါထက်ပိုပြီး ခက်ခဲတာကတော့ ကျွန်တော်တို့ မြိတ်ကနေပြီးတော့ အခြေပြုတဲ့ ၀ါးကျွန်းကိုသွားတဲ့ မော်တော်က လိုင်းမော်တော်မဟုတ်ပါဘူး။ ကုန်တင်မော်တော်နဲ့ သွားခဲ့ရတာပါ။ ကုန်တင်မော်တော်ဆိုတော့ အိမ်သာမပါပါဘူး။ သူတို့က လှေမောင်းသမားနဲ့သူ့ဝန်ထမ်းလောက်ပဲဆိုတော့ ဒီလိုပဲ ပင်လယ်ထဲမှာ အဆင်ပြေအောင်သွားနေကြတာ။ သူတို့ကလည်း သီးသန့် မလုပ်ထားတဲ့အတွက် ကျွန်တော်တို့ လူ ၄၀၊ ၅၀သွားတဲ့အခါမှာ အခက်အခဲနဲ့သွားခဲ့ရပါတယ်။ ဒီလှေနံရံကိုကိုင်ပြီးတော့ ဒီလိုပဲ အဆင်ပြေအောင် သွားခဲ့ရပါတယ်။ ဒါလည်း ကျွန်တော်တို့အတွက် ထူးခြားဆုံးအမှတ်တရတစ်ခုပါ။
အကယ်ဒမီရခဲ့တဲ့အတွက် ပီတိ စကားလေး..။
ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ်။
အကယ်ဒမီပွဲမှာ ပြောသွားတဲ့စကားတွေက ကြိုတင်စဉ်းစားခဲ့သလား။
ရင်ထဲက ခံစားချက်တွေကို ပြောသွားတာပါ။
ဆင်ဆာကိစ္စနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့အတွက် စိုးရိမ်စိတ်တစ်ခုခုရှိလား။
ကျွန်တော့်လောကသားတွေအတွက် ကျွန်တော့်အနုပညာသမားတွေအတွက် တကယ်လိုအပ်လို့ ကျွန်တော်ပြောသွားတာပါ။ အဲဒီ့အတွက် ကျွန်တော့်မှာ အမှားအယွင်းရှိတယ်၊ အပြစ်ရှိမယ်ဆိုရင်လည်း ခံယူပါမယ်။


