May 20, 2012

AIT က မြန်မာကျောင်းသား ၄၀ ဦးထိ ပညာသင်ဆုချီးမြှင့်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၇

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ အာရှနည်းပညာတက္ကသိုလ်(AIT)တွင် မဟာဘွဲ့ပညာသင်ယူရန် အရည်အချင်း ပြည့်မီသော မြန်မာကျောင်းသား
၄၀ဦးထိ ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါပညာသင်ဆုအစီအစဉ်အနေဖြင့် ထိုင်းဘတ်ငွေ သန်း ၁၆၀ခန့် အသုံးစရိတ်သတ်မှတ်ထားပြီး လာမည့်သြဂုတ်လမှစတင်၍ သုံးနှစ်စာအတွက် နှစ်စဉ် မဟာဘွဲ့
သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား ၄၀ဦးထိ ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။    ပညာသင်ဆုလျှောက်ထားမည့် မြန်မာနိုင်ငံသားများအနေဖြင့် အာရှနည်းပညာတက္ကသိုလ်၏ ကျောင်းဝင်ခွင့်အရည်အချင်းလိုအပ်ချက်ကို ပြည့်မီနေရမည်ဖြစ်ပြီး အာရှနည်းပညာတက္ကသိုလ်တွင် သင်ကြားနေသော မည်သည့်ဘာသာရပ်ကို မဆို လေ့လာသင်ယူခွင့်ရရှိမည်ဖြစ်သည်။

ပညာသင်ဆုအတွက် အစိုးရအမှုထမ်း၊ ပုဂ္ဂလိက၀န်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများနှင့် အခြားမည်သူမဆို လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုအတွက် ရွေးချယ်ခံရပါက ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုတေ
သနကုန်ကျစရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် မဟာဘွဲ့အကြိုသင်တန်း (ပြည်တွင်း၌လေးလထိ၊  AITတွင် ရှစ်လထိ) ကုန်ကျစရိတ်များသာမက လေယာဉ်လက်မှတ်အ သွားအပြန်ကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။    ပညာသင်ဆု လျှောက်ထား သူများအနေဖြင့် AITကျောင်းဝင်ခွင့် လျှောက်လွှာအပြင်   AIT တွင် ကျောင်းလျှောက်ထားရသည့်ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေတို၊ရေလတ်နှင့် ရေရှည်တွင် မည်သို့ အကျိုးပြုနိုင်မည်ဆိုသည်ကို မြန်မာဘာသာဖြင့် သုံးမျက်နှာရှိ စာစီစာကုံးဖြင့် ရေးသားပေးပို့ရမည်ဖြစ်သည်။

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ထူးချွန်ကျောင်းသားများကို ရွေးချယ်နိုင်ရန်   AIT မှ နိုင်ငံတော်အဆင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပညာသင်ဆု
လျှောက်လွှာလက်ခံသည့်ဌာနဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။