မြန်မာပီးပဲလ်မဂ္ဂဇင်းမှနှစ်စဉ် ရွေးချယ် ဆုချီးမြှင့်နေကျဖြစ်သော MissPeople ဆုကိုအသက် ၁၉ နှစ်အရွယ်ဖြူနွယ်ခိုင်ကရရှိသွားခဲ့သည်။
ပြိုင်ပွဲဝင်ပေါင်းမြောက်မြားစွာထဲကမှဆန်ခါတင်အယောက် ၂၀ ရွေးချယ်ပြီး ဒီဇင်ဘာလ ၉ ရက်ညကဆီဒိုးနားဟိုတယ်တွင် အကဲဖြတ်ဒိုင်များဖြစ်သော
မို့မို့မြင့်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဓာတ်ပုံပီတာ၊ ဒီဇိုင်နာများဖြစ်သောဒေါ်သီတာဝင်း၊ မလတ်လတ်၊ မမဉ္ဇူ၊ ပြည်စိုးအောင်တို့က အကဲဖြတ်
အမှတ်ပေးပြီး ရွေးချယ်ခဲ့ကြသည်။ ဆန်ခါတင်အဖြစ် နှစ်ဦးရွေးချယ်ကာ ထိုနှစ်ဦးကိုမေးခွန်းများမဲနှိုက်ကာ ဖြေဆိုစေခဲ့သည်။
MissPeople အဖြစ်ရွေးချယ်ခံရသော ဖြူနွယ်ခိုင်ကို “မိခင်တစ်ယောက်၏ ဘ၀နှင့် အလုပ်အကိုင်အခွင့်အလမ်းမည်သည့်အရာကိုရွေးချယ်ပါမည်လဲ” ဟု
မေးမြန်းရာ သူမက မိခင်ဘ၀ကိုရွေးချယ်မည်ဖြစ်ပြီး ကိုယ်တိုင်လုပ်ငန်းခွင်တွင် ခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်ပေမယ့်တိုင်းပြည်အတွက် သားကောင်းရတနာများ မွေးထုတ်ပေးနိုင်သူဖြစ်လိုပါသည်ဟူသည့် အဖြေဖြင့် ပရိသတ်လက်ခုပ်ကို ရယူနိုင်ခဲ့သည်။
ဖြူနွယ်ခိုင်သည် အခြားဆုတစ်ခုဖြစ်သော တက်ရောက်လာသည့် ပရိသတ်များကိုရွေးချယ်ပေးသည့် People Choice ဆုကိုလည်း ရရှိသွားသူဖြစ်သည်။
Miss People ဆုနှင့် အတူပေးအပ်နေကျဆုများဖြစ်သော Miss People Runner up ဆုကို ပိုးအိဖြူစင်ကရရှိခဲ့ပြီး အကောင်းဆုံးဒီဇိုင်နာဆုကို မန္တလေးမှနေမင်းထက်ကရရှိသွားခဲ့သည်။ ထို့အပြင် Best Photoဆုကို ဆိုင်းလုစင်၊ Best Smile ဆုကို ခေးဆ်သွင်၊ Best Body ဆုကို အေးချမ်းမိုး၊ Best Talent ဆုကို အယ်လ်ဆိုင်းမိုင်၊ Best Personality ဆုကို ယမင်းသက်ထားထွန်းတို့ကအသီးသီးရရှိခဲ့သည်။ Miss People ရွေးချယ်ပွဲကို မြန်မာ People မဂ္ဂဇင်း၏ ၉ နှစ်ပြည့်အထိမ်း အမှတ်၊တစ်နှစ်တာအတွက်ပရိသတ်အကြိုက်ဆုံး အနုပညာရှင်ဆုပေးပွဲတို့နှင့် ပူးတွဲကျင်းပခဲ့သည်။ Miss People ပွဲနှင့် တစ်နှစ်တာပရိသတ်အကြိုက်ဆုံး အနုပညာရှင် ဆုပေးပွဲကို မြန်မာပီးပဲလ်မဂ္ဂဇင်းကကြီးမှူးကျင်းပခဲ့ပြီး မြနန္ဒာသောက်ရေသန့်၊ အဲပုဂံလေကြောင်းလိုင်းတို့က အဓိကပံ့ပိုးသူများအဖြစ်ပါဝင်ခဲ့ပြီး Co-Sponsorများအဖြစ် Body Guard အမျိုးသမီးလစဉ်သုံးပစ္စည်း၊ Restoria ဆံသားထိန်းသိမ်းရေးအလှကုန်တို့က ကူညီခဲ့ကြကြောင်းသိရသည်။


