May 20, 2012

SE-ME-WE-4 အတွက်ဘင်္ဂလားဒေ့ရှ်နှင့် ယခုနှစ်တွင် ချိတ်ဆက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၁

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများအတွက်   ရေအောက်ကေဘယ်လ်ဆက်ကြောင်းအသစ်ဖြစ်သော   SE-ME-WE 4 ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းချိတ်ဆက်သွယ်တန်းသွား မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း၏ အင်တာနက်ဝန်ဆောင်ရေးလုပ်ငန်းများနှင့် ဆက်သွယ်မှုစနစ်များ တိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်း အသစ်တစ်ခု တိုးချဲ့ချိတ်ဆက်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း  အထက်ပါတာဝန်ရှိ သူထံမှ သိရသည်။ထို့အပြင် မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုနိုင်သည့် လူဦးရေကို ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်များတွင် ခြောက်သိန်းနီးပါးအထိ တိုးတက်လာအောင် ဆောင်ရွက် သွားရန်ရှိခြင်းကြောင့်လည်း အဆိုပါရေအောက်ကေဘယ်လ်ဆက် ကြောင်းအသစ်များကို တိုးချဲ့ရန်စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ အာရှ-ဥရောပ ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းဖြစ်သော   SE-ME-WE 4  ကို ချိတ်ဆက်ရာတွင် လမ်းကြောင်းအတိုဆုံးဖြစ်သည့် လမ်းကို ရွေးချယ်သွယ်တန်းသွား မည်ဟုသိရသည်။    ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံနှင့် အနီးစပ်ဆုံးဖြစ်သော ရခိုင် ပြည်နယ်အတွင်းရှိဘူးသီးတောင်၊ မောင်တောနယ်စပ်ဘက်မှနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဆိုပါ ရေအောက်ကေဘယ်လ်ဆက် ကြောင်းအသစ်ကို သွယ်တန်းသွားမည်ဖြစ်ကြောင်း၎င်းကဆက် လက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယခု အသစ်ထပ်မံချိတ်ဆက်မည့် အင်တာနက်ဆက်ကြောင်းအသစ် မတိုင်မီတွင်   SE-ME-WE 3   ဆက်ကြောင်းကို ဧရာဝတီတိုင်း ဖျာပုံ မြို့နယ်မှနေ၍ စင်ကာပူနိုင်ငံနှင့် သွယ်တန်းချိတ်ဆက်ထားကြောင်းသိရသည်။အဆိုပါ အာရှ-ဥရောပ ရေ အောက်ကေဘယ်လ်ဆက်ကြောင်း စီမံကိန်းသည် ဥရောပ
တိုက်မှ စတင်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ၊ မြေထဲပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒရာများကို ဖြတ်ကာ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများအထိ ချိတ်ဆက်သွယ် တန်းထားသော   အင်တာနက်ဆက်သွယ်မှုစီမံကိန်းတစ်ခုဖြစ်သည်။

အဆိုပါကေဘယ်လ်များ ချိတ်ဆက်ထားရာ လမ်းကြောင်း တစ်လျှောက်ရှိနိုင်ငံများတွင် မြန်မာနိုင်ငံအပါအ၀င် တိုက်ရိုက်ချိတ်ဆက်မည့်နိုင်ငံပေါင်း သုံးဆယ့်လေးနိုင်ငံနှင့် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့်နိုင်ငံပေါင်းခြောက်ဆယ့်လေးနိုင်ငံ ပါဝင်သည်။