ရှုပ်ထွေးပွေလီမှု၊ တစ်ဖက်နှင့် တစ်ဖက်အငြင်းပွားမှု၊ လူသူကယ်သူမဲ့မှု၊ အလိုမကျမှု၊ စိတ်ပျက်အားငယ်မှုစသော စကားလုံးများဖြင့် လက်ရှိဆီးရီးယား သူပုန်တပ်ဖွဲ့များ၏ အခြေအနေကို ဖော်ပြနိုင်သည်သာမက ဆီးရီးယားအကျပ်အတည်းအတွက် လွယ်ကူသောအဖြေတစ်ရပ်ရှာဖွေနေသည့် စူပါပါဝါနိုင်ငံကြီးများ၏ အခြေအနေကိုလည်း ဖော်ပြနိုင်ပါသည်။ ယင်းဖြေရှင်းချက်မှာ စူပါပါဝါနိုင်ငံကြီးများက စစ်ရေးအရ ကြားဝင်ဖြေရှင်းရန်မလိုသော ဖြေရှင်းချက်ဖြစ်ရပါမည်။ ဆီးရီးယားတွင် အားလုံးကသဘောတူသော ၊ ဥပဒေအရအကျုံးဝင်သော၊ အစိုးရ အုပ်ချုပ်သော ဖြေရှင်းချက်ဖြစ်ရပါမည်။ ထို့အပြင်အီရန်ကို ဒေသဆိုင်ရာ ကစားသမားဖြစ်လာခြင်းမှ တားဆီးသောဖြေရှင်းချက်၊ အကျပ်အတည်းကြောင့် ဂျော်ဒန်နိုင်ငံကို လှုပ်ရမ်းမသွားစေနိုင်သော ဖြေရှင်းချက်၊ လက်ဘနွန်တွင် ဒိုမီနိုသက်ရောက်မှုမရှိစေသော ဖြေရှင်းချက်ဖြစ်ရပါမည်။ ယင်းမှာ အစ္စရေးနှင့် တူရကီအမဲလိုက်ခွေးများကို လွှတ်ပေးစရာမလိုသော ဖြေရှင်းချက်လည်း ဖြစ်ရပါမည်။ မည်သည့်အမေရိကန်၊ ရုရှားနှင့် တရုတ်မျက်လှည့်ပညာရှင်ကမျှ ဤမျှရှုပ်ထွေးသော မျက်လှည့်ကွက်ကို မပြနိုင်သေးပေ။ လတ်တလော အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း ယင်းစိန်ခေါ်မှုဖြေရှင်းနိုင်မည့်ပုံမပေါ်။