မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ပြီဖြစ်သည်။ ထိုညီလာခံကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၏ ပါတီဝင်များနှင့် တစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပါတီတစ်ခုဖြစ်သည့်အပြင် မြန်မာ့ဒီမိုကရေစီလမ်းကြောင်း၏ ဦးဆောင်ပါတီကြီးတစ်ခုဖြစ်နေသောကြောင့်လည်းဖြစ်လေ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အားကောင်းခြင်း၊ အားမကောင်းခြင်းသည်ပင် မြန်မာ့ဒီမိုကရေစီရေး၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းကို ပြသည့် ညွှန်းကိန်းလက်တံ သဖွယ်ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အပေါ် ခြွင်းချက်အချို့ရှိစေကာမူ ၀မ်းမြောက်ဝမ်းသာပင် ကြိုဆိုရပါ၏။ ပါတီညီလာခံဆိုသည်မှာ ပါတီတစ်ရပ်၏ အသက်သွေးကြောပင် မဟုတ်ပါလော။